မြိုတောင်ခရီး

မြိုတောင်ခရီး
=======

အိန္ဒိယဖက်သို့ကူးရန်ကိစ္စသည် လွယ်ကူသောကိစ္စမဟုတ်။ ဘာသာစကားလည်း အခက်အခဲဟိသည်။ ငွေကြီးအားဖြင့်လည်း အခက်အခဲဟိသည်။ နယ်စပ်ကိုလည်းဖြတ်ကျော်ရဦးမည်။ လူအ၀တ်နှင့်ကူးလျှင် လားရလာရ တည်းခိုရ အခက်အခဲပေါင်းများစွာဟိသည်။ ထို့ကြောင့် မောင်သျှင်ဝတ်ဖြင့်ကူးရန် ဆုံးဖြတ်လိုက်သည်။ အကျွန်ုပ်အား မောင်သျှင်ဝတ်ပီးသူမှာ မာလဖုံဆရာတော်သီလ၀ံသဖြစ်သည်။ မာလဖုံဆရာတော်မှာ ရခိုင်ပြည်မှ ကိုယ်တော်ချေတပါးဖြစ်ပြီး ကောင်းကောင်းမျိုးချစ်စိတ်ပြင်းပြသော ဆရာတော်တပါးလည်းဖြစ်သည်။ အိန္ဒိယသို့မကူးခင် မြိုတောင်သို့တခေါက်ရောက်ဖူးချင်သည့်ဆန္ဒဟိသဖြင့် မြိုတောင်သို့တခေါက် ခရီးလားဖြစ်လိုက်ပါသည်။ ၁၉၈၉ ခု နွီခါသားဖြစ်သည်။ အကျွန်ုပ်နှင့်အတူ ကောက်ကဒွန်းသားတယောက် ကျောက်တန်းလမားဖက်က ရခိုင်သားတယောက် စုစုပေါင်းသုံးယောက်ဖြစ်သည်။ ကျောက်တန်းလမားဖက်ကလူမှာ မြိုစကားအနည်းငယ်တတ်သဖြင့် စကားပြန်အဖြစ်လိုက်ပို့ကူညီခြင်းဖြစ်သည်။ ကောက်ကဒွန်းသားလူုမှာ သူလည်းလားရောက်ဖူးချင်သဖြင့် အဖော်ခေါ်ယူလားဖြင်းဖြစ်သည်။ ကောက်ကဒွန်းသားဆိုသဖြင့် လူမျိုးခြားမဟုတ်။ ကောက်ကဒွန်းထောင်သားကို ဆိုလိုခြင်းဖြစ်သည်။ ကောက်ကဒွန်းသားစကားပြောလျှင် လီသံအနည်းငယ်ကွဲသည်ဟုဆိုသည်။ ရခိုင်ဘုရင်မင်းများလက်ထက်က တည်ထောင်ခသော ထောင်များထဲတွင် ကောက်ကဒွန်းထောင်လည်း အပါအ၀င်ဖြစ်သည်။ ကောက်ကဒွန်းထောင်ကား ဗိုလ်မင်းထောင်အပိုင်လား၊ ဖလံထောင်ထဲမှာလား အကျွန်ုပ်အတိအကျမသိ။ ဇလံထောင်ဖက်အပိုင်းဖြစ်မည်ဟု ခန့်မှန်းရသည်။

အကျွန်ုပ်ရို့ မြိုတောင်ခရီးစတင်ထွက်ခွာသည့်ရွာအား အတိအကျမမှတ်မိပါ။ တချောင်းတည်းကို အကြိမ် (၄၄) ကြိမ်ဖြတ်ကျော်ပြီး ညဇာသား မှောင်ခါနီးတွင် လောင်ချာကိုင်း နားပေါက်ကျယ်သက်ရွာသို့ရောက်သည်ကို စမှတ်မိသည်။ ထိုရွာတွင် ရခိုင်သားတယောက်ကို တွိရသည်။ ခြီထောက်တွင် သက်တန့်လိုက်၍ ဖူးရောင်လျှက်ဟိသည်။ အနာမှာ သက်သာလားပြီးဖြစ်သော်လည်း ကောင်းကောင်းလမ်းလျှောက်၍ မရသိမ့် ဒုတ်ထောက်လျှက် လျှောက်နီရသည်။ သက်ရွာသူကြီးက သနားသဖြင့် ပြုစုစောင့်မထားသည်။ အနာမကျက်တကျက်ဖြင့် နွားကျောင်းဆိတ်ကျောင်းအကူလုပ်ပီးသည်။ ၄င်းနားပေါက်ကျယ်သက်ရွာတွင် အကျွန်ုပ်ရို့ တညအိပ်သည်။ နောက်နိတွင် ၄င်းလောင်ချာကိုင်းသက်ရွာနှင့် ကောင်းကောင်းမ၀ီးသော ပထမဆုံးမြိုရွာသို့ ခရီးစတင်သည်။ ၄င်းမြိုရွာသည် မြီပြန့်မြိုရွာဖြစ်သည်။ သက်ရခိုင်ရွာများနှင့်နီးစပ်သဖြင့် ရွာသားများအားလုံး အ၀တ်အစားဝတ်သည်။ သို့သော် ထူးခြားသည်မှာ အကျွန်ုပ်ရို့ရွာသို့ရောက်ပြီးအများမကြာ အသက် (၁၉) နှစ်ခန့် လူရွယ်တဦးအကျွန်ုပ်ရို့အား လာတွိသည်။ အ၀တ်အစားမပါ လင်းကဲတုံးလုံးဖြစ်သည်။ ပဇာကြောင့် အ၀တ်မ၀တ်လဲဟုမီးသော် အ၀တ်ဝတ်လျှင်ယားသဖြင့် မ၀တ်ခြင်းဖြစ်သည်ဟုဆိုသည်။ မှတ်မှတ်ရရပြောပြသည်မှာ ဆရာမမြရာဇာလင်းရို့ လောင်ချာကိုင်းစခန်းတွင်နီထိုင်စဉ်ကာလ ဤရွာသို့လည်ပတ်စဉ် ဤလူရွယ်ကပင် လားတွိသည်ဟုဆိုသည်။ ရွာသူကြီးအိမ်ထက် ပါတီလူကြီးများရှိတွင် လူရွယ်က လင်းကဲတုံးလုံးပေါက်ချလာသဖြင့် ဆရာမမြရာဇာလင်းက အရှက်မွှမ်ပြီး ဆရာ အကျွန်မျက်နှာ ဇာနားမှာ ထားရဖို့လဲမသိယာဟုဆိုကြောင်း ပြောပြ၍သိရသည်။

၎င်းရွာတွင် မိုးထထမင်းစားသည်။ ပြီးနောက် နောက်တရွာသို့ ခရီးထွက်ခွာသည်။ ယင်းလင်းကဲတုံးလုံးလူရွယ်ကပင်လျှင် လမ်းပြလိုက်ပီးပါသည်။ ဒုတိယရွာမှာ တောင်ပေါ်ရွာဖြစ်သည်။ နာရီဝက် တနာရီခန့်တောင်တက်ပြီးနောက် ဒုတိယမြောက်ရွာသို့ရောက်သည်။ ရွာထိပ်တွက် မြိုမချေသုံးယောက်ဆန်ဖွတ်နီသည်။ လင်းကဲတုံးလုံးလူရွယ်ကိုမြင်သဖြင့် ပါးစကိုလက်ဝါးအုပ်၍ ရှက်ရှက်ဖြင့် ကြိတ်ရယ်ကတ်ပါသည်။ လူရွယ်ကား ရိုးနီပြီးဖြစ်သဖြင့် မျက်နှာအမူရာပျက်သည်ကိုပင် မတွိရ။ ၄င်းရွာမှ ဆက်လားရာ ညဇာသားတတိယမြောက် မြိုရွာသို့ရောက်သည်။ ၄င်းရွာတွင် ဘင်္ဂလီကုလားလူမျိုးတယောက် ၀ါးခွတ်လျှက်တွိရသည်။ တယောက်တည်းကား လားရဲမည်မဟုတ် တခြားအဖော်အပေါင်းလည်းပါမည်ဟု ခန့်မှန်းရသည်။ ရွာသူကြီးအိမ်တွင်တညအိပ်သည်။ နွီခါသားဖြစ်သော်လည်း ညဇာသားတွင်ချမ်းသဖြင့် မီးလှုံရသည်။ ရွာသူကြီး၏သမီးမှာ အသက် (၁၉) နှစ်ခန့်အရွယ် အသားညိုညို ၀၀တုတ်တုတ် သန်သန်မာမာဖြစ်သည်။ အပေါ်ပိုင်းင်္အကျီမ၀တ်၊ သဘာဝအတိုင်းဖြစ်သည်။ အိမ်ထောင်ကျပြီးဖြစ်မည်ဟု ခန့်မှန်းရသည်။ ရင်လုံးထွားထွားကြီး လှတုံးပတုံးဖြစ်သည်။ သို့သော် လင်ယောက်ျားကိုကားမမြင်။ အပျိုမလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုရွာတွင် တညအိမ်ပြီး နောက်နိမိုးလင်း တခြားတရွာသို့ ခရီးဆက်သည်။ ၄င်းရွာမှာ တောင်အလွန်မြင့်သည်။ နီပူတောက်တောက် တမွန်းတည့်တောင်တက်ရသည်။ ချွေးတဖြောက်ဖြောက်ကျသည်။ နိခြင်းနှစ်ချက်တီးကျော်လောက်မှာ ရွာသို့ရောက်သည်။ လမ်းခရီးတွင် နားတွင်ကြက်မောက်ပန်းအနီပန်လျှက် ယောင်ထုံးလျှက် မြိုလူပျိုများကိုလည်း တွိရသည်။ မြိုတောင်ခရီးလမ်းတလျှောက်တွင် ကြားစီကြားစပ် မြုံရွာများလည်းဟိသည်။ မြုံမများမှာ မြိုလူမျိုးများနှင့်မတူ ထပိန်ရှည်ရှည်ဒူးဆစ်လောက်ဝတ်သည်။ အပေါ်ပိုင်းင်္အကျီလည်းဝတ်သည်။ မြိုမများမှာ အပေါ်ပိုင်းင်္အကျီမ၀တ်။ ထပိန်လည်း တထွာလောက် ပေါင်ရင်းအထိရာ ၀တ်သည်။ မြုံလူမျိုးများမှာ ခရစ်ယာန်ဘာသာကိုးကွယ်သည်ဟုဆိုသည်။ အကျွန်ုပ်ရို့ကား မြုံရွာများ၌မတည်း မြိုရွာများ၌သာ တည်းခိုသည်။ ဆက်ပြောရလျှင် ၄င်းတောင်ပေါ်မြိုရွာသို့ နိခြင်း (၂) ချက်တီးလောက်တွင်ရောက်သည်။ အိမ်တအိမ်တွင် ခေတ္တနားပြီး နိခြင်းထမင်းချက်စားသည်။ အာဂန္ဓုများရောက်သဖြင့် အိမ်သားက အထူးကြပ်တိုက်တားသော ၀က်သားဟင်းဖြင့် အကျွန်ုပ်ရို့အားချက်ကျွေးသည်။ နွီခါသား တောင်ယာရိပ်သိမ်းပြီးခါစဖြစ်သဖြင့် အစားရိက္ခာပေါသည်။ တောင်ယာထမင်းကား ကောက်ညှင်းပေါင်းစားရသကဲ့သို့ အသားလွတ် လက်ခကျည်းစားသော်လည်း ကောင်းကောင်းစား၍ကောင်းပါသည်။ ၄င်းရွာတွင် နိခြင်းထမင်းစားပြီးနောက် နောက်တရွာမှာ တောင်အောက်ရွာဖြစ်သဖြင့် တောင်ဆင်းရပါသည်။ ညဇာသား မိုးမချုပ်ခင်ရွာသို့ရောက်သည်။ ရွာသည် တောင်ကျိုင်ကြားတွင်ဟိသည်။ နီကောင်းကောင်းမထိုး။ ခြီမျက်စိသာသာ မြောင်ချောင်းကိုဖြတ်ပြီး ရွာသို့ရောက်သည်။ ထိုရွာတွင် ညအိပ်ညစာစားသည်။ တရီးအိပ်၍ တရီးနိုးသောအခါ အကျွန်ုပ်၏၀မ်း ဖူးရောင်လာသည်။ ၀မ်းကြင့်ပြီး ၀မ်းဒရဟောလားသည်။ တောင်မြင့်ရွာ၌် နီပူတောက်တောက် နိခြင်းထမင်းကို ၀က်သားကြပ်တိုက်နှင့် စားခရသောကြောင့်ဖြစ်သည်။

အစပိုင်းတွင် တောလားထိုင်ပါသည်။ နောက်ပိုင် မနိုင်၍ အိမ်သားများကိုပြောပြီး အိမ်တန်းပျင်းက ယိုချရသည်။ ၀မ်းလားသည်မှာ သံစည်ပုံးဖြင့် ရီကိုသွန်ချသည့်အလား တဟူးဟူးဆင်းသည်။ ဤပြဿနာကို အကျွန်ုပ်ရို့ တင်ကြို၍ မစဉ်းစားမိခ။ ယူလာခသည့်ဆီးဝါးများမှာလည်း ပါရာစီတာမော့ ဆီးပြားများရာဖြစ်သည်။ အကျွန်ုပ်စိတ်ထဲတွင် လားယာဟု အဆုံးချလိုက်မိသည်။

ကံကောင်းသည်မှာ အကျွန်ုပ်နှင့်အတူပါလာသော ကောက်ကဒွန်းသားမှာ ဆီးအကြောင်းအနည်းငယ်နားလည်သည်။ သစ်ကြုံးပင်၏အခေါက်ကို အရည်ကြိုသောက်လျှင်ကောင်းသည်ဆို၍ သစ်ကြုံးပင်အခေါက်ကိုလှီး၍ အရည်ကြိုသောက်ရာ အခွက်တည်းနှင့်ချက်ချင်းပျောက်သည်။ သစ်ခေါက်ကိုကြိုလိုက်သည်နှင့် အရောင်မှာ အဖန်ရည်ကျက်ကျက်ကဲ့သို့ အနီနက်နက်အရောင်ထွက်သည်။ သစ်ကြုံးပင်မှာ သစ်ပင်ကြီးမျိုးဖြစ်၍ အရွက်မှာ ဧကရာဇ်ပင် တမာပင်များကဲ့သို့ အရွက်ချွန်းချွန်းဖြစ်သည်။ မြိုစကားဖြင့် ဖာပိုင်ခေါ်ရေလဲမီးကြည့်သောအခါ မောင်ပြန်ပင်ဟုခေါ်ကြောင်းပြောသည်။ အကျွန်ုပ်၏အသက်ကို ကယ်သောအပင်ဖြစ်၍ သစ်ကြုံး မောင်ပြန် နာမည်ကို အခုထက်ထိ မှတ်မိနီပါသိမ့်သည်။ တောထဲ၌ တော်လှန်ရီးလုပ်နီသော တော်လှန်ရီးရဲဖော်များလည်း ဤသို့ မမျှော်လင့်ဘဲ အခက်ကြုံနိုင်သဖြင့် ဤအပိုဒ် မမိကျန်ရအောင် တကူးတကအတွက်ဖော်၍ ဖော်ပြလိုက်ရခြင်းဖြစ်သည်။

မြိုတောင်ခရီးတွင် ရွာပေါင်းနှစ်ဆယ်ခန့် ခရီးလားခပါသည်။ ရွာစဉ်များကိုကား အစဉ်သင့် မမှတ်မိလိုက်ပါယာ။ ထူးခြားသည့် မှတ်မိသည့် ရွာစဉ်များကို ချရွီးပါမည်။ မစီစဉ်မကျနိုင်ပါ။ တခြားတရွာတွင်ဖြစ်သည်။ မိသားတစု ရွာနှင့်အ၀ီး သီးသန့်နီပါသည်။ တောင်ယာခင်းလည်းဖြစ်နိုင်သည်။ အမိသည်မှာ တနှစ်သားအချေကိုပိုးလျှက် နီမကောင်းဖျားသည်ဟုပြော၍ ဆီးပါရေလား တောင်းပါသည်။ ငှက်ဖျားဖြစ်မည်ဟုခန့်မှန်းရသည်။ သို့သော် အကျွန်ုပ်ရို့လက်ထဲ၌ ငှက်ဖျားဆီးပါမလာ။ ပါလာသော ပါရာစီတာမော့ သုံးလေးပြားခန့်ကို ချပီးလိုက်သည်။ နောက်နိမိုးလင်း အဖျားသက်သာယင့်လားမီးသောအခါ သက်သာရေဟုပြောသည်။ အဖိုးသည်မှာ ဗုဒ္ဓဘာသာမြိုလူကြီးဖြစ်သည်။ အကျွန်ုပ်ကား ဘုန်းကြီးဝတ်နှင့်ဖြစ်၍ အကျွန်ုပ်အား မြီးချေနာမည်ပီးပါဆို၍ အောင်သာဖြူ ဟု ရခိုင်နာမည်ပီးလိုက်သည်။

စကားဆက်၍ပြောရလျှင် ထိုစဉ်က မြိုရွာများမှာ နှစ်ခြမ်းကွဲလျှက်ဟိသည်။ တခြမ်းက ဗုဒ္ဓဘာသာ မိရိုးဖလာနတ်ကိုးကွယ်သူများဖြစ်ပြီး နောက်တခြမ်းမှာ (မေလေး မေလုံး) ဂိုဏ်းဖြစ်သည်။ (မေလေး မေလုံး) ဂိုဏ်းမှာ အသစ်ပေါ်သော ဂိုဏ်းဖြစ်သည်။ ဗုဒ္ဓဘာသာ မိရိုးဖလာကိုးကွယ်သူများက နှစ်သစ်ကူးတွင် နွားသတ်လေ့ဟိသည်။ နွားဈီးက ခေါင်ခိုက်လာသဖြင့် မတတ်နိုင်၍ (မေလေး မေလုံး) ဂိုဏ်းသားများက ဘာသာသစ်ထွင်ခြင်းဖြစ်သည်ဟုဆိုသည်။ (မေလေး မေလုံး) ဇာပိုင်လဲ မီးကြည့်သောအခါ (မေလေး မေလုံး) မှာ ညီအစ်ကိုဖြစ်ကြောင်း။ မေလေးမှာ ပိန်ပန်ပါးပါးဖြစ်ပြီး တာဝတိံသာနတ်ပြည်၌ ဥပုသ်စောင့်ပြီး ပြန်လာသည်။ ဥပုသ်စောင့်ခသောနီရာမှာ ကောင်းကောင်းချမ်းအီးသဖြင့် သံချောင်းတောင် ကွေးကောက်သည်ဟုဆိုသည်။

(မေလေး မေလုံး) ရွာများကို မ၀င်မိဖို့ သတိပီးပြောဆိုကတ်ပါသည်။ (မေလေး မေလုံး) ဂိုဏ်းသားများက တောင်ယာခွတ်သည်ကိုလည်း တားမြစ်သည်။ ၀ါးခွတ်စားသည်ဟုဆိုသည်။ နောက်ပိုင်း တောင်ယာမလုပ်သဖြင့် အစားရိက္ခာအခက်အခဲကြုံရသည်ဟုပြောပါသည်။ ယခုအချိန်ထိ (မေလေး မေလုံး) ဂိုဏ်း ဟိသိမ့်ရေလားဆိုသည်ကို အတိအကျမသိပါ။ ရွာတရွာတွင် (မေလေး မေလုံး) ဂိုဏ်းသားများနှင့် ဗုဒ္ဓဘာသာရွာသားများ တခြမ်းစီခွဲ၍ တရွာတည်းအတူနီကတ်ပါသည်။ (မေလေး မေလုံး) ဂိုဏ်းသားများက စာလည်းထွင်ထားသည်။ အဂ်လိပ်အက္ခရာလည်းမဟုတ်ပါ။ ကိုယ်ပိုင်အက္ခရာဖြင့် တီထွင်ထားခြင်းဖြစ်သည်။ (မေလေး မေလုံး) ဂိုဏ်းသားများ၏အိမ်ဝင်ဝတွင် စာတမ်းချိတ်ဆွဲထားသည်။ မြိုဘာသာစကားဖြင့် ဘုရားဝတ်ပြု ရွတ်ဖတ်သံများကိုလည်း ကိုယ်တိုင်ကြားခရသည်။ အဓိပ္ပါယ် ဇာလဲဆိုသည်ကိုကား မမီးဖြစ်ခပါ။ စကားစပ်မိ၍ပြောရလျှင် ရွာတရွာတွင် တောင်ယာခွတ်ထားသည့်သစ်ပင်ကြီးတပင်မှာ လူလေးငါးယောက်ဖက် ဆင်တထိုင်စာကြီးသည်။ တောင်ယာမီးတိုက်ထားသဖြင့် တခြမ်း မဲတူးပြီး မီးလောင်ထားသည်။ ၄င်းသစ်ပင်ကိုကြည့်ပြီး နှမြိုးစိတ်ဖြင့် ငိုချင်စိတ်တောင်ပေါက်သည်။ (မေလေး မေလုံး) ဂိုဏ်းသားများက သစ်တောများပြုန်းတီးခြင်း (သို့မဟုတ်) အတည်တကျရွာထောင်လိုခြင်းကြောင့်လည်းကောင်း တောင်ယာခွတ်သည်ကို တားမြစ်ခြင်းဖြစ်နိုင်သည်။

နောက်တခု ထူးခြားသည်မှာ နောင်ရိုးကိုဖြတ်ကျော်ခြင်းဖြစ်သည်။ နောင်ရိုးမှာ မြိုတောင်တွင် အမြင့်ဆုံးတောင်ဖြစ်သည်။ နောင်ရိုးကိုဖြတ်ကျော်သောအခါ ချောက်ကမ်းပါး၌ ခြီတဖ၀ါးစာ ကျောက်ထရံကို လက်ဝါးနှစ်ဖက်ဖြင့်တွယ်ကပ်ပြီး ဖြတ်ရသည်။ အောက်တွင် အလျှူတရာနက်သောချောက်ဟိသည်။ အောက်သို့ မကြည့်မိဖို့ သတိပီးပါသည်။ ကျောက်ထရံကို လက်ဝါးကပ်လျှက် ခြီတဖ၀ါးချင်း ဘယ်မှညာသို့ ရွှိပြီး ပေ (၅၀) ခန့် ဖြတ်ရသည်။ အထုပ်အပိုးဖြင့်မဖြတ်ဝန့်သဖြင့် အထုပ်အပိုးများကို ရွာသားများကိုသယ်ခိုင်းသည်။ အောက်ကို ငုံ့မကြည့်ကဲ့ဆိုလျှင် ကြည့်ချင်စိတ်က ပိုဖြစ်လာသည်။ လက်ဝါးနှစ်ဖက်ကို ကျောက်ထရံ၌ကပ်လျှက် ခေတ္တရပ်ပြီး ချောက်အောက်ဖက်သို့ တချက်စောင်းကြည့်မိသည်။ သို့သော် အသဲယားလာသဖြင့် ချက်ချင်းမျက်နှာလွှဲလိုက်ရသည်။ ရွာသားများမှာ အထုပ်အပိုးများဖြင့် တမိနိတောင်မကြာဖြတ်ကျော်ပြီးလားသည်။ အကျွန်ုပ်ကား ငါးမိနိခန့်ကြာသည်။ ၄င်းချောက်ကမ်းပါးကို မဖြတ်ဘဲ တောင်ကြောင်းအတိုင်းကျော်ဖြတ်လျှင် တမွန်းတည့်စာခရီး ပိုကြာသည်ဟုဆိုသည်။

ချောက်ကမ်းပါးကိုဖြတ်ပြီးသည်နှင့်ချက်ချင်း ၀ါးလှီကားဖြင့် ချောက်အောက်သို့ဆင်းရသည်။ ၀ါးလှီကားမှာလည်း (၉၀ံ) မတ်စောက်သဖြင့် အသဲယား၍ ကြောက်ဖို့ကောင်းသည်။ ၀ါးလှီကားဖြင့်ဆင်းလိုက် ခြီကျင်လျှောက်လိုက် သုံးလေးခါဆင်းပြီးခါမှ ချောက်ကမ်းပါးအောက်သို့ရောက်သည်။ ၄င်းနောင်ရိုး ချောက်ကမ်းပါးကိုဖြတ်ကျော်ပြီး ရွာနှစ်ရွာသုံးရွာခန့်ဆက်လားပြီးမှ အကျွန်ုပ်ရို့နောက်ကြောင်းပြန်လှည့်ရန်ဆုံးဖြတ်လိုက်သည်။ ဆက်လားမည်ဆိုသော် နောက်ထပ် မြိုရွာအများကြီးကျန်သိမ့်ရေဟု ပြောသည်။ အပြန်ခရီးတွင်လည်း လာစဉ်က ဆင်းခရသော လှီကားထစ်များကို ပြန်တက်ရသည်။ လာစဉ်ကဖြတ်ခရသော ချောက်ကမ်းပါးကို ပြန်ဖြတ်ရသည်။ အပြန်ခရီးတွင် အကျွန်ုပ်ရို့နှင့်အတူ မြိုမချေ သုံးယောက်လောက်ပါသည်။ ပယိုင့်တောင်းကိုယ်စီနှင့်ဖြစ်သည်။ သူရို့ကား လားနီကျဖြတ်နီကျဖြစ်၍ ထူးခြားမှုတစုံတရာမဟိ။ အီးအီးသက်သာဖြတ်ကျော်လားကတ်ပါသည်။

နောက်ရိုးကိုနောက်တခေါက်ပြန်ဖြတ်ပြီး နောက်ရွာတရွာတွင် တညအိပ်သည်။ ကောက်သိမ်းပြီးစဖြစ်သဖြင့် ရွာသားများ ၀ိုင်းဖွဲ့အရက်သောက်လျှက် ပျော်ပါးလျှက်ဟိသည်။ အကျွန်ုပ်ရို့ညအိပ်သောအိမ်တွင် (၁၈) နှစ် (၁၆) နှစ် (၁၄) နှစ်အရွယ် သမီးသုံးယောက်ဟိသည်။ အားလုံးသူမှာ အသားဖြူဖြူဝင်းဝင်းဖြစ်သည်။ အပေါ်ပိုင်းင်္အကျီဝတ်မထား။ သဘာဝအတိုင်းဖြစ်သည်။ လှအားကြီး၍ စိတ်ကိုမနည်းထိမ်းထားရသည်။ အကြီးဆုံးသမီးမှာ အိမ်ထောင်ကျပြီးသားဖြစ်မည်ဟု ခန့်မှန်းရသည်။

အပြန်တွင် အကျွန်ုပ်ရို့ ကျောက်တန်းလမားဖက်ကဆင်းပါသည်။ လမားချောင်းကိုဖြတ်ရသည်။ ရီမှာ ဒူးလောက်နက်သည်။ ချောင်းတလျှောက်တွင် ၀ါးဖောင်များနှင့် ယာယီတဲများကို အများအပြားတွိခရသည်။ ချောင်းဖျားပိုင်းမြီပြန့်မြိုရွာတရွာတွင် တညအိပ်သည်။ ၄င်းမြိုရွာထဲတွင် ရခိုင်သားအိမ်တအိမ်တွိရသည်။ သမီးသည်မှာ အပျိုပေါက်ချေဖြစ်နီပြီးဖြစ်သည်။ အမိသည်ကိုကား မမြင်ခရ။ အစ်ကိုအေးမောင်အသတ်ခံရသည်မှာ ဤချောင်းဖျားဒေသဖြစ်မည်ဟု ခန့်မှန်းရသည်။

အချုပ်ဆိုရလျှင် မြိုလူမျိုးများသည် လူမျိုးကြီးများဖြစ်သည်။ ဆရာထွန်းရွှေခိုင်၏ဆောင်းပါးတပုဒ်တွင် မြိုလူမျိုးများမှာ ထိုင်း လာအို ကမ္ဘောဒီးယားဖက်တွင်လည်း ပြန့်ကြဲလျှက်ဟိကြောင်းဖတ်ဖူးသည်။ နောက် Discovery တွင် ထိုင်းစကားပြောတတ်သော မြိုလူမျိုးများကို မြင်တွိဖူးသည်။ မြိုလူမျိုးများသုံးသော ညှင်းပုလီမှာ ၀ါးပုလီများကို အတိုအရှည်စီတန်း၍ပြုလုပ်ထားသော ဒူရိယာတမျိုးဖြစ်သည်။ ထိုထိုင်းစကားပြောတတ်သော လူမျိုးစုမှာလည်း မြိုလူမျိုးများကဲ့သို့ ညှင်းပုလီဒူရိယာပြုလုပ်ပုံချင်းတူညီသည်။ ဆရာထွန်းရွှေခိုင်၏ဆောင်းပါးကိုထောက်၍လည်းကောင်း မြိုလူမျိုးများတီးမှုတ်သည့် ညှင်းပုလီကိုထောက်၍လည်းကောင်း ထိုထိုင်းစကားပြောတတ်သောမျိုးနွယ်စုမှာ မြိုလူမျိုးများဖြစ်နိုင်ကြောင်းခန့်မှန်းရပါသည်။ ဆက်လက်၍ သုတေသနပြုဖော်ထုတ်သင့်သည်။

(သာလှဦး)


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|