မိုးလင်းရာဇာစစ်ကြောင်း

မိုးလင်းရာဇာစစ်ကြောင်း
=============

တော်လှန်ရေးဆိုစွာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး နယ်ချဲ့လက်အောက်ကလွတ်မြောက်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်စွာဖြစ်တေ။ တနည်းအားဖြင့် ကယ်တင်ဖို့ဖြစ်တေ။ မတရားစိုးမိုးဗိုလ်ကျ၊ အနိုင်ကျင့်ညှင်းပန်း၊ သိမ်းယူအမြတ်ထုတ်၊ အကျင့်ယုတ်ကို ဖယ်ထုတ်စွာဖြစ်တေ။ ငါရို့တိစွာ ရီခြားမြီခြားတိုင်းတပါးမှာလာရောက်ပြီးကေ ဒုက္ခဆင်းရဲခံတော်လှန်နီကတ်တေ။ ရခိုင်ပြည်တော်လှန်ရေးစွာ ရခိုင်ပြည်မှာဟိသင့်ရေ မှန်ရေ။ ယေကေလည်း နီရာဒေသပယောဂကြောင့်။ ရည်မှန်းချက်ကိုနားလည်ကတ်ရဖို့။ ခံယူချက်မြဲရဖို့။ လက်ဟိနိုင်ငံရေးအနီအထားနှင့် မြန်မာလူမျိုးရေးဝါဒီများကိုသုတ်သင်ရာမှာ တဦးချင်းတယောက်ချင်းတဖွဲ့ချင်းထက် ဘတူအဖိနှိပ်ခံလူမျိုးများနှင့် ပူးပေါင်းလက်တွဲတိုက်ခိုက်စွာက ပိုကောင်းရေ

အစားဆင်းရဲ၊ အ၀တ်လျှို့တဲ့၊ နီရာထိုင်ခင်းပုံမှန်မဟိစွာ တော်လှန်ရေးသမားတယောက်အတွက် မပြောပလောက်တေဒုက္ခအဖြစ် ခံယူနိုင်ရဖို့။ တမျိုးသားလုံးလွတ်မြောက်ချင်ကေ ကိုယ့်တိုင်းပြည်ကိုကယ်တင်ချင်ကေ ဇွဲမာန်သတ္တိဟိရဖို့။ ကိုယ်ကျိုးစွန့်ရဖို့။ ယေမှရာ တော်လှန်ရေးသမားကောင်းပီသဖို့

၁၉၇၃-ခုနှစ် ဇန္န၀ါရီလ (၇) ရက်နိ ၀မ်းခစခန်း၌ စာရွီးသူအပါအ၀င်ရဲဖော်ခုနှစ်ဦး လူသစ်အဖြစ်စတင်ရောက်သောနိ။ ညစာထမင်းစားနီတုန်း နုတ်ဆက်စကားဖြစ်သည်။ နှဖူးက ချွေးတပြစ်ပြစ်စီးနီသည်။ မျက်နှာပြင်နှင့်တကိုယ်လုံးမှာ မီးသွီးများပယ်ကျံနီသည်။ ၀မ်းသာမှုများက မျက်နှာထက်တွင် ပေါ်နီသည်။

ထမင်းစားပွဲမှာ စားစရာငပိရည်၊ တို့စရာသဖန်းသီးအပြင် ဇာလည်းမဟိ။ ငပိရည်နှင့်ရခိုင်သား။ ရခိုင်သားနှင့်ငပိရည်။ အရိုးခံအမှန်ပြောရကေ အော့အံမိသည်။ တော်လှန်ရေးအတွက် အသက်ပီးဖို့ ဆုံးဖြတ်ထားပြီးမှ အစားအသောက်ဇီဇာကြောင်နီလို့မဖြစ်။ တော်လှန်ရေးအတွက်မီးသွီးဖုတ်နီသော ဥက္ကဌကြီးခိုင်မိုးလင်း၏စိတ်ဓါတ်ကို ကြည်ညိုသည်။ မိမိကိုယ်ကို နှစ်သိမ့်ရသည်။ ယင်းပိုင်နှင့် တော်လှန်ရေး၏ပထမညည့်ကို ကုန်လွန်စီခသည်။

နောက်တနိနီထွက်ချိန် (၉) ချက်တီးခန့်။ ကော်မူးရာ ၀မ်းခစခန်း၏အမှောင်ကို ထိုးဖောက်ထွက်လာသောရောင်ခြည်များက သွယ်တန်းလျှက်ဟိသည်။ ကျီးငှက်များ ထိုပင်ဒေပင် တပင်ထက်တပင် ပျံသန်းဆူညံနီကတ်သည်။

စာရွီးသူနှင့်ရဲဖော်များသည် နီဆာလှုံယင်း ဖြစ်ကြောင်းကုန်စင် ပြောဆိုနီကတ်သည်။ ညီချေရို့ ဒေကိုလာကတ်ဟု ဥက္ကဌကြီးကလှမ်းခေါ်လိုက်သဖြင့် အကျွန်ရို့ သွက်သွက်ချေရောက်လားသည်။ မင်းက ဘုန်းကြီးလူထွက်ဆိုကေ အစားအသောက် ဆင်းရဲဒါဏ်ချက်ချင်း ခံနိုင်ချင်မှခံနိုင်ဖို့။ ကျင့်သားရကေ စိတ်ဓါတ်ခိုင်လာဖို့ ခံနိုင်ရည်ဟိလာဖို့သေချာရေ။

ငါ့နာမည် ခိုင်မိုးလင်း

မိုးလင်းကေ နီမထွက်လား

ထွက်ပါရေ ဥက္ကဌကြီး

နီထွက်ကေ နီရောင်မမြင်လား

မြင်ပါရေ

နီရောင်မြင်ကေ အမှောင်မပျောက်လား

ပျောက်ပါရေ

ရခိုင်ပြည်ကို မြန်မာတိအုပ်ချုပ်နီရေ။ မကောင်းဆိုးရွားတည်းဟူသော အမှောင်ထုဖုံးလွှမ်းထားရေ။ အမှောင်ထုကွယ်ပျောက်ဖို့ နီထွက်ဖို့လို့ရေ။ မိုးလင်းလို့နီထွက်ကေ အမှောင်ပျောက်တေ။။ အေနိအေရက်ကစပြီးကေ နီရောင်လို့ မင်းရို့ကိုမင်းရို့မှတ်ထား ဟု စာရွီးသူနှင့်အဖွဲ့အား နာမည်ကင်ပွန်းတပ်ပီးပါသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် အလွန်ရိုးဖြောင့်၏။ အရပ်မှာ (၅) ပေ (၁၁) လက်မ။ အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်သော်လည်း မိန်းမမလိုက်။ ရွှေမမက်ငွေမမက်။ တပည့္မမြီး။ လက်အောက်ငယ်သားများကိုဆက်ဆံရာတွင် တန်းတူရည်တူဆက်ဆံသည်။ ခန့်ငြားလှပသည့် ဥပဓိရုပ်ဟိသည်။ မည်သည့်အလုပ်မဆို ပြတ်သားတိကျသည်။ ယုံကြည်ချက်နှင့်အတူ ကာယဥာဏစွမ်းအားဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သည်။ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဟိသကဲ့သို့ အောက်လက်ငယ်သားများကိုလည်း ငဲ့ညှာသည်။ ထူးကဲပြောင်မြောက်အောင် ဆုံးမပီးနိုင်သည်။

ကော်မူးရာစုဆောင်းရေးအဖြစ် လူအင်အား (၅၀) ဟိသည်နှင့် မဟာမိတ်ကရင်စခန်း၌ အခြီခံစစ်သင်တန်းပီးသည်။ ယုန်းလုပ်ငန်း၊ လက်နှိပ်စက်သင်တန်း၊ မိုင်းသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဆက်သွယ်ရေးသင်တန်းနှင့် သူနာပြုသင်တန်းစသည်များကိုသင်ကြားရာ သင့်တော်ရေပိုင်မွမ်းမံပီးသည်။

(၁၉၇၄) ခုနှစ်တွင် ရဲဖော်သစ်များအဆက်မပြတ်ရောက်လာ၍ အင်အားကောင်းလာသဖြင့် သင်တန်းကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစသည်ဖြင့်သတ်မှတ်၍ ကရင်တပ်မတော်၌ တက်ရောက်သင်ကြားစီသည်။ (၁၉၇၄) ခုနှစ်မှာပင် မြ၀တီ၊ သင်္ကန်းညီနောင်၊ မဲပလဲစခန်းများကို မဟာမိတ်တပ်များနှင့်ပူးတွဲ၍ စစ်ဆင်ရေးပြုလုပ်သည်။ ရခိုင်တပ်မတော်မှာ အင်အားရာကျော်လာသည်နှင့်အမျှ အောင်လံထူ၊ အလေးပြုသစ္စာဆိုရသည်။ စစ်အင်အားကိုလည်း ပိုမိုလှုပ်လျှားသည်။ အယင် ရိုင်ဖယ်သေနတ်မှ ခေတ်မှီမောင်း ပြန်သေနပ်များကို တပ်ဆင်ပီးသည်။ ရိက္ခာများကိုလည်း ကရင်မဟာမိတ်တပ်ရင်းမှ လိုလေသေးမဟိထုတ်ပီးသည်။ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ကို စစ်ကြောင်းကြီးလေးကြောင်းဖြင့် မဟာမိတ် (KNU) တပ်မတော်နှင့်အတူ ကရင်ပြည်ဒေသတလျှောက် ထိုးစစ်ဆင်တိုက်ခိုက်သည်။

စစ်ကြောင်းလားရာဒေသတလျှောက် ရိုးသား၍သနားဖို့ကောင်းသော ကရင်ပြည်သူများအား စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်မြင့်မားလာစီရန် ပီးသင့်သည့်အကာအကွယ်ကိုပီး၊ မသိနားမလည်သည်များကို သင်ကြားပိုချပြုလုပ်ရသည်။ တရွာဝင်တရွာထွက် တိုက်ယင်းခိုက်ယင်း၊ လှည့်ယင်းလည်ယင်း၊ စည်းရုံးယင်း ကရင်ပြည်တွင် ရခိုင်စစ်သည်များကို ကရင်ပြည်သူများက ယုံကြည်အားထားလာသည်။ တမျိုးတည်းတဆွီတည်းပမာ ချစ်ခင်ရင်းနှီးလာသည်။ ရခိုင်စစ်တပ်များ ကရင်ကျွန်းရွာများရောက်သည်နှင့် ဆန်ဖွတ်ထင်းခွဲ၊ မောင်းထောင်းအလုပ်ဝင်လုပ်သည်။ လုပ်အားပီးသည်။ သို့ဖြင့် ကရင်ပြည်တွင် ရခိုင်ရဲဖော်များအတွက် အစားအသောက်မယှား။ ပီးကမ်းချင်သူများသည်။ လက်ကမ်းကြိုဆိုသည်။ သားနှင့်အမိ၊ မောင်နှင့်နှမ၊ တမိတည်းသားပမာ ချစ်ခင်သည်။

ကရင်ပြည်တွင် မဟာမိတ် (KNU) နှင့် စစ်ဆင်ရေး ဒေသတလျှောက် မြို့သိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မရွီမတွက်နိုင်အောင်တိုက်ခရသည်။ မိုးလင်းရာဇာစစ်ကြောင်းမှ ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော်၏ ရဲဖော် (၃၁) ဦး အသက်ပီးခရသည်။ ကရင်ရခိုင် ချစ်ကြည်ရေးမဏ္ဍိုင်ကို သွီးခင်း၍စိုက်ထူခသည်။ ကရင်နှင့်ရခိုင်သမိုင်းတွင်ကား မှတ်တိုင်အဖြစ် ထင်ရှားပြီးဖြစ်သည်။

၁၉၇၆-ခုနှစ် ဇွန်လ (၅) ရက် သော်လဲထားစခန်း

ရဲဘော်ရို့ ငါရို့ရခိုင်တပ်မတော်ရေ မဟာမိတ်နယ်မြီ ဒေသခံများနှင့်ပူးပေါင်း၍ ရန်သူမြန်မာလူမျိုးရေးဝါဒီတိကို သုတ်သင်လာစွာ (၂) နှစ်ကျော် (၃) နှစ်ထဲရောက်ပျာ။ ရဲဘော်ရို့အသိ။ စစ်ရေးနိုင်ငံရေး၊ တိုက်ခိုက်ရေး နီရာတိုင်းမှာ အောင်ပွဲခံနီတုန်း။ နောက်ထပ်လည်း ဆက်အောင်ခန့်သိမ့်။ ဦးတည်ချက်၊ ရည်မှန်းချက်ကျန်သိမ့်ရေ။ ယင်းရည်မှန်းချက်မှာ ရခိုင်ပြည် ရခိုင်လူမျိုးလွတ်မြောက်ရေးနှင့် ရခိုင့်အချုပ်အချာအာဏာ ရခိုင်ပြည်သူ့လက်ဝယ် ပြန်ရောက်ရေးဖြစ်တေ။ ငါရို့ရခိုင်တပ်မတော်မှာ လုံးလုံးတာဝန်ဟိရေ။ ယင်းကြောင်း (၁၉၇၆) ခုနှစ် ဇွန်လ (၂၀) ရက်နိကို ရခိုင်ပြည်သို့ပြန်ဖို့နိအဖြစ် သတ်မှတ်တေ။ ရဲဖော်အားလုံး လက်ခုတ်လက်ဝါးတီးထောက်ခံသည်။

ဆက်လက်ပြီးပြောချင်စွာက ငါရို့ရဲဘော်ရို့အားလုံး မိုင်ထောင်ပေါင်းများစွာကို ကျော်ဖြတ်ရဖို့။ ဆင်းရဲ၊ ပင်ပန်း၊ ငတ်ပြတ်ခြင်းနှင့် ရင်ဆိုင်ရဖို့။ ရန်သူနှင့်လည်း တိုက်ပွဲတိအများကြီးတိုက်ရဖို့။ ဇာပိုင်ပင်အခက်ခဲဟိဟိ သတ္တိမွီးကတ်ရဖို့၊ ဇွဲဟိရဖို့။ ခံနိုင်ရည်ဟိရဖို့။


အေအကျပ်အတည်း၊ အခက်အခဲ၊ ပင်ပန်းဆင်းရဲကို မျိုးချစ်စိတ်၊ တိုင်းပြည်ကိုကယ်တင်လိုစိတ်နှင့် ကျော်ဖြတ်ရဖို့။ အခက်အခဲတိကို ခံနိုင်ရည်မဟိသူ၊ ခံနိုင်ရည်မဟိလို့ ယူဆသူ၊ တွေဝေနီလူတိ အခုကပင်ထွက်ကျန်လိုက်ကတ်။ ရန်သူဘားမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်ရ။ ရခိုင်လက်နက် ရခိုင်လက်ထဲမှာဟိရဖို့။ စိတ်ပျက်သူ၊ စိတ်ဓါတ်ကျလူတိ လက်နက်ကိုအပ်။ ထွက်စာတင်။ စားစရိတ်လမ်းစရိတ် (၅၀၀၀) ထုတ်ပီးလိုက်မည်။ အားလုံးသဘောပေါက် နားလည်ကတ်ယင့်လား။

ဟုတ်ပါရေ

စိတ်ပျက်တေလူဟိလာ

မဟိပါ

ရခိုင်ပြည်ကိုချီတက်ကတ်ဖို့မဟုတ်လား

ချီတက်ပါဖို့

စစ်ကြောင်းသတ်မှတ်မည်။ နားထောင်

စစ်ကြောင်းနာမည် - မိုးလင်းရာဇာစစ်ကြောင်း

မိုးလင်းရာဇာစစ်ကြောင်း

မိုးလင်းရာဇာစစ်ကြောင်း

ဝန်းကျင်တခုလုံးကို ရခိုင်လွတ်ပြည်လွတ်မြောက်ရေးပါတီ၊ မိုးလင်းရာဇာစစ်ကြောင်းအသံက လွှမ်းမိုးလားသည်။ ရဲဖော်အားလုံး ရဲစိတ်ရဲမာန် ဇာတိမာန်ဖြင့် ၀မ်းမြောက်ကတ်ရသည်။

သီမင်းနှင့်မိုးလင်းရာဇာစစ်ကြောင်း

အခါသမယမှာ အမှောင်အားကောင်းချိန် လမိုက်ညဖြစ်သဖြင့် စက္ကြာဝဠာတခွင်လုံး ကြည်လင်ခြင်းမဟိ။ ငွေစင်ကြယ်ချေတိ တိမ်တိုက်များနောက်ကွယ်မှ ပုန်းလျှို့ဝှက်လျှို့ဂေါင်းပြူလျှက်ဟိ၏။ အကာလ၀န်းကျင် အလင်းဟူ၍မဟိ၊ အမှောင်ပကတိ ကြီးစိုးလျှက်ဟိ၏။ ၀န်းကျင်တခုလုံး ငြိမ်ဆိတ်လျှက်။ အတွေးများဖြင့်အိပ်မပျော်။ သိလာရသည်က နက်ဖန်ခါ။ ပြန်ရဖို့ယာထော - ရင်ထဲကအသိ။

ရင်းနှီးမှု၊ ခင်မင်မှု၊ ချစ်ခင်မှု၊ တွယ်တာမှုသံယောဇဉ်များဖြင့် ညည့်ဦးပိုင်းနှုတ်ဆက်ခရသည့် ရဲဖော်ရဲဖက်၊ သီဖော်သီဖက်၊ သူငယ်ချင်းများ၊ ကရင်ပြည်သူများ၊ အထူးသဖြင့် ရင်ထဲမှာ နှိုးဆွခံစား၊ သံယောဇဉ်ပွားမိသည့်အမိုး၊ နော်ဖလဲထူး၊ ဖထီးစောကျော်၊ ဒေးမူးနော်ချိုအေး။

မလွှဲသာ၊ ခွဲခွာရမည့်အသိတရား။ စီးကျသည့်မျက်ရည်။ ပူလောင်သည့်နှလုံးသား။ မျက်နှာကိုလက်အုပ်ပြီးငိုသံများက စာရွီးသူ၏နှလုံးသားကို ဒါးပါးပါးနှင့်လှီးဖြတ်လိုက်တေပိုင် ခံစားရပါရေ။

မငိုပါကဲ့ - ဒေးမူ။ အမိုးဖထီး - မငိုပါကဲ့

အမိုး၊ ဖထီး၊ ဒေးမူ၊ မျက်ရည်ကျစွာကိုမြင်ကေ မချိအောင်ခံစားရရေ။ ကုသိုလ်ကံထောက်မလို့ သီကံမရောက် သက်မပျောက်ကေ ဒေးမူရို့ပါးကို အရောက်ပြန်လာခပါမေ

ပြောရာပြောရသည် ရင်ထဲမှာ ထိမ်းမနိုင်ခဲမရ။ ကျလာသည့်မျက်ရည်။ အုံပုန်းလူမသိ။ စစ်သားကြီးက မျက်ရည်သုတ်လို့ တပ်ရင်းထဲပြန်လာလတ်ရသည်။ ဆိတ်ငြိမ်သောအမှောင်က တစထက်တစလွှမ်းမိုးလာကာ ပုရစ်သံ၊ ပုဇဉ်းသံ၊ တောတိရိစ္ဆာန်သံပင်မကြားရ။ အပ်ကျစွာကိုပင် ကြားဖို့ထင်သည်။

အိပ်မရလီ စိတ်ကဂယောက်ဂယက်ဖြစ်လီ။ အတွေးသံသရာ ၀ဲချာလည်လျှက် ညည့်ဦးယံ တမှေးချေလည်းအိပ်မပျော်။ မိုးစင်စင်လင်းလတ်သည်။ တပ်မှူးတပ်ဗိုလ်များအမိန့်အတိုင်း ကိုယ့်အထုပ်ကိုယ်ထမ်း။ ကိုယ့်လက်နက်ကိုယ်ကိုင်။ လားရဖို့ခရီးစဉ်အတိုင်း စီစဉ်ကတ်ရသည်။

(၁၉၇၆) ခု ဇွန်လ (၂၀) ရက်။

ဒေတသက်မိလို့ရလီဖို့မဟုတ်။ ကရင်ပြည်နယ်သော်လဲထာစခန်းမှ ထိုင်းနိုင်ငံဖက်သို့ စက်ဘုတ်ဖြင့် မိုးလင်းရာဇာစစ်ကြောင်းကူးသည်။

အတိတ်သည် အရိပ်ကဲ့သို့ စိတ်အယဉ်ဝယ် နစ်မျောချင်တိုင်းနှစ်မျောနီလိမ့်မည်။ အငြိုးကြီးရေ ဇွန်လမိုးကလည်း မညှာမတာ တဂြိုင်ဂြိုင်းရွာသည်။ အေပိုင်ပင်လည်း အငြိုးကြီးပါလား မိုးမင်းကြီး။ စိတ်ထဲရင်ထဲမှာ ကိုယ့်တိုင်းကိုယ့်ပြည်ပြန်ရဖို့စွာတောင် ၀မ်းမသာ။ တခုခုကျန်ခရေပိုင် ဟာလာဟင်းလင်းကြီး။ ဆောင်းညည့်အိမ်မက်လည်းမဟုတ်။ ကျန်လိုက်ခဖိ ကရင်ပြည်။ လွမ်းကျန်ခဖိ ဒေးမူ။ ခွင့်လွှတ်ကတ်ပါ၊။ နှစ်သိမ့်ပါရစီ။

ထိုင်းနိုင်ငံမှ မြန်နိုင်ငံသျှမ်းပြည်ဟိရာသို့တည့်တည့် ခြီကျင်တမျိုး၊ ကားစီး၍တဖုံ၊ ဗိုလ်မှူးကြီးခွန်လုံဖစခန်းသို့ ဦးတည်းထွက်ခွာသည်။ မိုးစုန်းစုန်းချုပ်မှ မိုးလင်းရာဇာစစ်ကြောင်းရောက်သည်။ နှစ်ရက်နားပြီးနောက် နိမရွီးညည့်မယှောင် တော၊ ချောင်း၊ မြောင်၊ မြစ်၊ ပြား၊ ပြင်၊ ခြုံ၊ ဂျောက်၊ တောင်စောက်တောင်မြင့်၊ တောင်စွယ်တောတန်း အကွေ့အကောက်ဝင်္ကဘာပေါင်းသောင်းခြောင်ထောင်ကိုကျော်ဖြတ်ယင်း သျှမ်းပြည်တောင်ပိုင်း၊ မေအိုးရွာနား၊ ပအို့ဖြူခွန်စံသိန်းစခန်းသို့ရောက်သည်။

မေအိုးရွာပအိုးစခန်းတွင် မိုးလင်းရာဇာစစ်ကြောင်း (၅) ရက်မျှ အနားယူသည်။ ယင်းစခန်းမှ သံလွင်ပအိုးစခန်းသို့ ချီတက်သည်။ သံလွင်မြစ်ကိုစက်ဘုတ်ဖြင့်ကူးရသည်မှာ တွေးကြည့်လျှင်အသဲယားသည်။ ခရီးကပန်း၊ လမ်းကကြမ်းး။ သမင်တောက်သံ၊ ဂျီဟောက်သံ။ တောဘယံမှာ၊ တောင်ဘယံမှာ။

တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် တာဝန်ကျီကတ်ရမည်။ တပ်မှူးတပ်ဗိုလ်များအမိန့် နာခံရမည်။ ဇွဲသတ္တိ၊ လုံ့လ၀ိရိယဟိကတ်ရမည်။ ဗူးကိုမွိရာ သစ်ကိုဂေါင်းအုံးဆိုစွာ တော်လှန်ရေးသမားအတွက် ပြဿနာမဟုတ်။

ရန်သူကိုအထင်သေးလို့မဖြစ်။ စစ်ကြောင်းကို တပ်စုတပ်စိတ်ဖြန့်၍ ခရီးနှင်ရသည်။ ဟိုပုန်းမြို့နယ် ဆီဆိုင်မြို့နယ်သို့ရောက်သောခါ ရဲဘော်နှစ်ယောက်ပျောက်နီသည်။ ခိုင်ကျော်ဇံဟိန်းနှင့် ခိုင်သံမဏိနှစ်ယောက် သီသည်ရှင်သည်မသိရ။ သူရို့နှစ်ယောက်ရောက်မလာနိုင်၍ စိတ်မကောင်းဘဲ သျှမ်းပြည်တောင်ပိုင်းမှ အလယ်ပိုင်းသို့ ဆက်လက်ချီတက်ကတ်ရသည်။

အထူးသဖြင့် လေးကျား-မိုင်းကိုင် ကားလမ်းကိုဖြတ်ပြီးမှ သျှမ်းပြည်အလယ်ပိုင်းသို့ ရောက်မည်ဟုသိရသည်။ ဒေသခံနှင့်မဟာမိတ်များပြောပြချက်အရ သီမင်းတမန်ကားလမ်းအဖြစ် နာမည်ကြီးသည်။ တော်လှန်ရေးသမားများကို ဒုက္ခအပီးဆုံးကားလမ်းဟုဆိုသည်။

မိုးလင်းရာဇာစစ်ကြောင်း၏ခံယူချက်က ကွေ့ယှောင်လို့ရကေကွေ့ယှောင်။ တွိကေရင်ဆိုင်။ နောက်ဆုတ်ဖို့လုံးဝမဟိ။ လျှို့ဝှက်ချက်ကို အသီထိန်းသိမ်းရမည်မှာ တပ်မှူးတပ်ဗိုလ် အားလုံးနားလည်ပြီးသောအလုပ်။ မိုးကြိန်းကြိန်းရွာသည်။ လီပြင်းတိုက်သည်။ နိနှင့်ညဥ့်၊ ညဥ့်နှင့်နိ၊ မိုးရွာလီထ၊ အချမ်းအပူမဟိ။ ရန်သူလှုပ်လျှားမှုအနီအထားကို သုံးသပ်ရသည်။ ရန်သူ၏ငိုက်ကွက်ကိုရှာရသည်။ ရန်သူပျော့ကွက်ကိုစီးရသည်။ ရန်သူတိ ကတုတ်ထဲမှာ အအိပ်ကြူးနီပုံရသည်။ ဖင်ထဲကြွက်ဝင်လို့တောင်နိုးဖို့မဟုတ်။ သီမင်းတမန်ကားလမ်း ဖြတ်ကူးရာတွင် သေနပ်တချိန်းလည်းမဖောက်ခရလို့ စိတ်ထဲမှာ အခဲမကြီ။ သျှမ်းပြည်အလယ်ပိုင်း မိုးဟိန်းစခန်းကို ကောင်းကောင်းမွန်မွန်ရောက်သည်။

သျှမ်းပြည်အလယ်ပိုင်းမှ မြောက်ပိုင်းသို့ချီတက်ရာတွင် မြန်မာစစ်တပ်ကို တိမ်းယှောင်ရရေပိုင် ကွန်မျူနစ်ပါတီကိုလည်း လမ်းလွှဲခရသည်။ ငါးခူလည်းစူး ငါးကြေးလည်းစူး ကွန်မျူနစ်တိက ၀င်ရောက်ခြီယှုပ်သည်။ သျှမ်းပြည်မြောက်ပိုင်း ကချင်တပ်မဟာ (၄) ဗိုလ်မှူးကြီး ဇော်ဘန်စခန်းကိုအရောက် အခက်အခဲမြောက်များစွာဖြင့် ချီတက်ခရသည်။

ကချင်တပ်မဟာ (၄) တွင် ရက်ပေါင်း (၃၀) ခန့်အနားယူပြီးသည်။ ရဲဘော်အားလုံး တက်ကြွတုန်းဖြစ်သည်။ အီးခြင်းပူခြင်း၊ ငတ်ခြင်းမွတ်ခြင်းကို ဂရုမစိုက်။ ရခိုင်ပြည်သို့ မိုးလင်းရာဇာစစ်ကြောင်းရောက်ရေးသည်ရာ ပဓာန။

ဆက်လက်ပြီးထွက်ခွာရာ သိန္နီမြို့နယ်အတွင်း ရန်သူစစ်ကြောင်းနောက်မှလိုက်သည်။ ရန်သူစစ်ကြောင်းကို နားလှည့်ပါးလှည့် ယှောင်ကွင်းနိုင်ခသည်။ ရန်သူ၏စစ်ဆင်မှု အဆုံးသတ်ပြန်လည်ဆုတ်ခွာလားပြီးမှသာလျှင် မိမိဦးတည်ရာ ကချင်ပြည်ဖက်သို့ ချီတက်ခရသည်။

ရွှေလီမြစ်အနား ရွှေပလောင်ရွာဝန်းကျင်၌စခန်းချပြီး ခေတ္တထမင်းစားသည်။ ဒေသခံကချင်တပ်မှ ရန်သူမြန်မာစစ်တပ်အမှတ်မှား၍ မဆင်မခြင်ပစ်ခတ်ခြင်းကြောင့် မိုးလင်းရာဇာစစ်ကြောင်းမှ ဆီးတပ်ကြပ်တဦးကျဆုံးသည်။ စစ်ကြောင်းရဲဘော်အားလုံး စိတ်မကောင်း။ ဒေါသလည်းဖြစ်သည်။ ခြီမုန်းပစ်ရန်လည်း အဆင်သင့်ဟိသည်။ ပစ်ခတ်ထွက်ပြီးလားသော ကချင်တပ်မှာလည်း မြီလျှိုးမိုးပျံပျောက်လားခသည်။ ကျဆုံးလားသော ဆီးတပ်ကြပ်ကြီးအလောင်းကိုကြည့်၍ နှမြောသည်။ ၀မ်းနည်းပက်လက်ဖြစ်ရသည်။ စိတ်မကောင်းစွာဖြင့် သွီးသောက်ရဲဖော်အားသင်းဂြိုဟ်ပြီး ရွှေလီမြစ်ကိုဖြတ်၍ ကချင်တပ်မဟာ (၃) ဌာနချုပ်သို့ရောက်သည်။

ကချင်တပ်မဟာ (၃) ဌာနချုပ်တွင် ဗမာပြည်ကွန်မျုနစ်ပါတီတပ်ရင်း (၁၉၂) မှ တပ်ဖွဲ့တဖွဲ့သည် ရခိုင်တပ်နှင့် စိစပ်ဆွေးနွေးလိုကြောင်း အကြောင်းကြားလာသည်။ ဥက္ကဌကြီးခိုင်မိုးလင်းမှ တဦးတည်းမဆုံဖြတ်ဘဲ တပ်မှူးတပ်ဗိုလ်မှုး တာဝန်ခံများနှင့်အတိုင်ပင်ပြုပြီး ခရီးလားနီဆိုက် မဆွေးနွေးသင့်ကြောင်းတင်ပြသဖြင့် အစီအစဉ်ကိုပယ်ဖျက်လိုက်သည်။ ကချင်တပ်မဟာ (၃) မှ ကချင်တပ်မဟာ (၂) သို့ခရီးဆက်သည်။

ကချင်တပ်မဟာ (၂) နှင့် ရခိုင်ရဲဘော်များ

မိုးလင်းရာဇာစစ်ကြောင်း နိမအားညမအား ကရင်ပြည်မှ သျှမ်းပြည်တောင်ပိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းကို တောလမ်းခရီးသတ်သတ် နိရက်ဆက်ဆက်ဖြတ်ကျော်လာသည်မှာ ကချင်ပြည်နယ် တပ်မဟာ (၄) (၃) (၂) အထိဆက်တိုက်ဖြစ်သည်။ ရဲဖော်များမှာလည်း ခရီးပမ်းလျှက်ဟိသည်။ စိတ်ဓါတ်ရေးရာခိုင်တုန်းဖြစ်သော်လည်း ကာလဒေသပယောဂတည်းဟူသော ၀ိရောဓိကိုမှီ၍ ကချင်တပ်မဟာ (၂) တွင် အနားယူရန် ဥက္ကဌကြီးခိုင်မိုးလင်းစီစဉ်သည်။

အိမ်သျှင် ကချင်တပ်မဟာ (၂) မှလည်း ရခိုင်တပ်အား အပိုအလိုမဟိပြုစုသည်။ တာဝန်ယူ ဒိုင်ခံကျွေးသည်။ ရခိုင်တပ်မတော်ကို ကြိုက်သလောက်နီဖို့ စီစဉ်ပီးသည်။ အစားအသောက်၊ အနီအထိုင်၊ အ၀တ်အစား၊ ဆီးဝါးမကျန်ကူညီသည်။ အထူးသဖြင့် ကချင်ရဲမေများက အနီးကပ်ပြုစုသည်။ လိုသည်ထက်ပို၍ အခွင့်အလမ်းပီးသည်ဟုဆိုနိုင်သည်။ ရခိုင်ရဲဖော်များပင်ပမ်းခသမျှ အညောင်းပြေရသည်။ ကချင်တပ်မဟာ (၂) က ဧည့်ဝတ်ကျီပါသည်။ သို့သော် တိုင်းပြည်နှင့်လူမျိုးအတွက်ဆိုရေအသိစိတ်က နှလုံးသားလှုံ့ဆော်မှုကို အရည်ပျော်စီသည်။

ကချင်တပ်မဟာတွင် (၃) လ ခန့်အနားယူပြီး မိုးလင်းရာဇာစစ်ကြာင်းခရီးဆက်သည်။ တတောဝင် တပြန်သန်း၊ ရက်ချင်းနိချင်း ချင်းတွင်းမြစ်နှဖူးသို့ရောက်သည်။ ချင်းတွင်းမြစ်ဝန်းကျင်တလျှောက်သည် တောရိုင်းသတ္တ၀ါ ကျားဆင်တောင်နွား၊ ကြံ့ရိုင်းအစဟိသည်များ ကျက်စားရာဖြစ်သည်။ တဖက်ကရန်သူကို သတိထားနီရရေပိုင် တောကောင်များ၏အန္တရာယ်ကိုလည်း ထည့်တွက်ရသည်။

ကံကောင်းထောက်မ၍လားမသိ လီသျှူးလူများ တောဆင်လိုက်၍ ထွက်ပြီးလာကတ်သည်။ သူရို့မှာ လောင်းပါသဖြင့် သူရို့နှင့်အတူ တနီကုန်ကူးခတ်ရသည်။ မြစ်ဆိပ်တွင် စခန်းချအိပ်ရန်စီစဉ်နီဆိုက် ဟိမ၀န္တာတောင်မှတောရိုင်းဆင်များ အုပ်စုလိုက်ဆင်းလာသဖြင့် တောဆင်ရိုင်းများနှင့် တိုက်ပွဲဖြစ်ရသည်။ အာရုဏ်ကျင်းသည့်တိုင် ဇာသူလည်းမအိပ်ဝံ့။

မိုးလင်းသောအခါ ခရီးပြန်ဆက်ရသည်။ ပထမတွင် ချောင်း၊ မြောင်များကိုဖြတ်ရသည်။ ထိုနောက် ရပ်စောက်တောင်များကိုတက်ရသည်။ တောင်ကမ်းပါးများကို ပတ်ရသည်။ အထက်မှအောက်သို့ငုံကြည့်လိုက်လျှင် အသဲယားသည်။ ဤတောင်တန်းတလျှောက် အတက်သတ်သတ် တောင်ပေါင်းများစွာတက်ရသည်။ အအီးဒါဏ်က သွီးမဟိပျာလားထင်ရသည်။ တောင်ထိပ်ရောက်မှ ဟိမ၀န္တာ စာရမတီတောင်တန်းဖြစ်ကြောင်း သိသည်။

စာရာမတီတောင်တန်းမှ အန္တာရာယ်

စာရာမတီတောင် ဟိမ၀န္တာတောင် နာဂတောင်တန်းကို အချေခါ ကျောင်းသားဘ၀တွင် သင်ဖူးပါသည်။ ဤတောင်တန်းကြီးများသို့ တကြိမ်တခေါက် ရောက်ဖူးလိမ္မည်ဟုမထင်မိခ။ အိမ်မက်တောင်မမက်ဖူး။ လူ့ဘ၀ကားဆန်းကြယ်ပါ၏။ ကမ္ဘာကြီးအကျဉ်းချေဟု စကားအဖြစ်ပြောဖူးသည်။ ပြောမယုံ၊ ကြုံမှသိဆိုသည်အတိုင်း စာရာမတီတောင်ထိပ်ကို ရောက်နီပါပျာကား။ လှိုင်းကြီးလှီအောက်၊ တောင်ကြီးဖ၀ါးအောက်။ ကိုယ်တွိလက်တွိဖြစ်သည်။

စာရာမတီတောင်ထိပ်မှ အောက်သို့ကြည့်လိုက်လျှင် တောင်ကြောတောင်စွယ် ဂျိုင့်ဝှမ်းအသွယ်သွယ်ရို့၌ ဖြူဖွေးသောမြုံဆိုင်းများ ပြီးလွင့်နီသည်ကိုမြင်ရသည်။ နှင်းခဲများက မိုးရွာသည်သို့ တဖြောက်ဖြောက်ကျသည်။ ပင်ယံဗောင်းဖျားမှ ငှက်မြည်သံ၊ ဒေါင်းတွန်သံ၊ တောဆင်အူသံ၊ ကျားဟိန်းသံများက စိတ်ဂယောင်ချောက်ချားဖြစ်စီသည်။

အထူးသဖြင့် မသထီအသည်းယားမိသည်မှာ ကြွတ်ပြောက်၊ ကြွတ်ကျား၊ အမွှီးစုတ်ဖွားခူကောင်၊ ပိုးတုံးကောင်၊ ဘောက်ဖတ်၊ ပိုးမျိုးစုံ၊ ဇာနီရာ ဇာဒေသကလာ၍ သွီးလာစုပ်သည်ကိုမသိ။ သွီးစုပ်ပြီးဖူးဖူးရောင်မှ သိသည်။ ခြီထောက်မှာ။ အတွင်းပေါင်မှာ။ နောက်ကုန်း၊ လက်၊ ဂုတ်ဆစ်၊ လိုင်ဖင်း၊ မျက်နှာ၊ တကိုယ်လုံးတွယ်ကပ်သွီးစုပ်ထားသည်။ ယား၍လက်နှင့်ပွတ်လိုက်မှ အတုံးလိုက်အကောင်လိုက် အောက်သို့ကျသည်။ ကြွတ် (သို့မဟုတ်) ခြင်၊ ယင်၊ မှက် တခုခုဖြစ်နီသည်။

စာရာမတီတောင်၌ လားယင်းလာယင်း အတက်အဆင်းအအနိမ့်အမြင့် အကွေ့အကောက်များကိုကျော်ယင်း တောရိုင်းတိရိစ္ဆာန်များကိုယှောင်ယင်းတိမ်းယင်း သွီးစုပ်ဖုတ်ကောင်များကိုဖယ်ယင်း ရက်သတ္တတပါတ်ကြာသည်။ ညည့်ရောက်တိုင်း မအိပ်ဝံ့။ တောကောင်များကလည်းပေါ။ ခုခံသင့်သည်ကိုခုခံ။ တိုက်ခိုက်သင့်သည်ကိုတိုက်ခိုက်။ မောင်းထုတ်သင့်သည်ကို မောင်းထုတ်ရသည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ မြီပုံကွန်ပက်ကိုထောက်လျှက် စစ်ကြောင်းဦးတည်မောင်းရသည်။ လမ်းတလျှောက် မှတ်မိသရိကိုတွေးမိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဂေါင်းဆောင် မော်စီတုန်းကြီးသည် လီသျှစ်တောင်ကို ရိက္ခာအပြည့်အစုံဖြင့်ကျော်ဖြတ်၍ သမိုင်းတွင်အထင်ကရပြုခသည်။ ကမ္ဘာ့အကျော်အမော်လည်းဖြစ်ခသည်။ အခု မိမိရို့လားနီသောခရီးသည်လည်း မိုင်ပေါင်းများစွာဟိနီပျာ။ ဖြောင့်သောလမ်းမဟုတ်။ အကွေ့အပတ်များသည်။ အတက်အဆင်း၊ အနိမ့်အမြင့်၊ ချောင်းအလီလီ၊ မြောင်အလီလီကျော်ဖြတ်၍ ရက်မှလကျူး၊ လမှနှစ်ကူးဖို့ပျာ။ လီသျှစ်တောင်ခရီးထက်ပင် ရှည်ဖို့ကြမ်းဖို့ထင်ပါသည်။

စာရာမတီတောင်ထိပ်မှ ပတ်ကွိုင်တောင်တန်းသို့ စစ်ကြောင်းတခုလုံးချီတက်ရာ (၇) ရက်ခန့်ကြာသည်။ လူရှည်တောင်၊ ပတ်ကွိုင်တောင်များဖြစ်သည်။ မြီပုံကိုထောက်ကြည့်လျှင် စစ်ကိုင်းတိုင်း ခန္တီးမြို့အထက်ပိုင်းဟု ခန့်မှန်းရသည်။ ယင်းပတ်ဝန်းကျင်အနားတ၀ိုက်တလျှောက် ရွာငယ်တဲငယ်များကိုတွိရသည်။ လူနီသည့်ဒေသဖြစ်ကြောင်းသိ၍ ရဲဖော်များအားလုံး သတိဝိရိယမလွတ်စီရန် တပ်မှူးတပ်ဗိုလ်များက အသိပီးသည်။ ခန္တာကိုယ်တွင် အ၀တ်မ၀တ်သော နာဂရွာများဖြစ်သည်ကို ရွာရောက်မှသိသည်။

မိုးလင်းရာဇာစစ်ကြောင်းနှင့် နာဂတောင်မင်း

နာဂများကိုင်ဆောင်သော လက်နက်များမှာ လှံချွန်ဆူးချွန် ဓားချွန်ဒုတ်ချွန်များဖြစ်သည်။ ခန္ဓာကိုယ်တွင် အ၀တ်ဝတ်လေ့မဟိ။ ရွာ၏အကြီးအကဲကို တောင်မင်းဟုခေါ်သည်။ တောင်မင်းဝတ်ရုံမှာ တိရိစ္ဆာန်များ၏မဒုန်းကဲ့သို့ ရှည်လျှားသောအ၀တ်ပုံစံ တောကောင်များ၏အမွှီးအမျှင်သားရီများဖြင့် ပြုလုပ်ထားဟန်တူသည်။ လမ်းလားသောအခါ တပည့်တယောက်နှစ်ယောက်က ထမ်းရသည်။ ထိုင်သောအခါ ခန္ဓာကိုယ်အောက်ပိုင်းကိုပတ်ထားသည်။

စစ်ကြောင်းအစာရီစာပြတ်လတ်မှုကြောင့် တောင်မင်းအား ကချင်မှပါလာသော နာဂကြိုက်သည့် ဘိန်းကိုကျွေး၍ ရိက္ခာတောင်းစားရသည်။ ၄င်းရို့မှာ ဟိသည့်ရိက္ခာကိုထုတ်ပီးသည်။ တဖက်နှင့်တဖက် ခြီဟန်လက်ဟန်ပြ၍ပြောဆိုရသည်မှာ ရယ်စရာဖြစ်သည်။ ပြိန်းဥမြောက်ဥ၊ ပြောင်းဖူး၊ သူရို့စားသော အစားအစာဟူသမျှကို ကျွေးသည်။

လူသားစားသည်။ မိမိနှင့်တရွာတည်းနီထိုင်သူများကို မစား။ တခြားရွာမှလူများကို စားသည်။ စာရွီးသူနှင့်စစ်ကြောင်းကို အမဲသားအလား ထင်ပုံရသည်။ သတ်စားရန် အမျိုးမျိုးကြိုးစားသည်။ ၄င်းရို့၏လက်နက်ဖြင့် မယှဉ်နိုင်ကြောင်း တောကောင်များကိုပစ်ပြမှ ယုံသည်။ တကိုယ်လုံးမှာ အ၀တ်အစားမဟိသော်လည်း တဦးနှင့်တဦး ဟောဟောယမ်းယမ်း၊ စော်ကားမော်ကားမဟိ။ အိမ်ခြံများဟိသည်။ အိပ်လျှင် မီးဖွာများဘေးတွင်အိပ်သည်။ ပုဆိုးဟူ၍ မည်မည်ရရမဟိ၊။ တောင်နွားသားရီများကို ချမ်းလျှင်ချုံသည်။ ထူးဆန်းသည်မှာ ဆွီမျိုးသားချင်း တဦးဦးသီလျှင်မြီမမြှုပ်။ မိမိအိမ်ခြံထဲတွင်စင်ဆောက်၍ ၄င်းစင်ထက်တွင် တင်ထားသည်။ ညည့်အခါတွင် တောင်နွားကျားသတ္တ၀ါများ မကြာမကြာလာရောက်ကြောင်းသိရသည်။ စာရွီးသူကိုယ်တိုင်နားချိန်တွင်ပင် ကျားသတ္တ၀ါများ လာချောင်းခြင်းခံရသည်။

အ၀တ်အစားမဲ့လေးရွာမြောက် (ထွိ) ရွာမည်သော နာဂရွာတွင် မိုးလင်းရာဇာစစ်ကြောင်း (၂) ရက်အနားယူစဉ် ထူးဆန်းအံ့ဖွယ်ဖြစ်ရပ်တခုကြုံသည်။ ပြောမယုံ ကြုံဖူးမှသိ။ ပုံပြင်လည်းမဟုတ်၊ လက်တွိဖြစ်ပါသည်။

ရွာသားများနှင့် နတ်ဆရာဟုထင်မှတ်ရသောလူတဦးက နာဂပျိုအမျိုးသမီးတဦး၊ နာဂယောင်္ကျားတဦးကို ၀ိုင်းဝန်းခေါ်ဆောင်လာသည်။ နတ်ဆရာမှာ ဓါးတလက်ကိုင်ထားသည်။ နတ်ဆရာက လူပျိုနှင့်အပျိုနှစ်ဦးအား (၇) ခေါက် တိတိလှည့်ပတ်လျှက် ပါးစမှရွတ်ဆိုသည်မှာ ဆုတောင်းခြင်းဖြစ်နိုင်သည်။ ပြီးနောက် ပထမဆုံး လူပျို၏လိုင်ဖင်းကို ဓားနှင့်လှီးသည်။ သွီးစက်များပန်းထွက်လာသည်။ အော်သံကျွီးသံများလည်းမဟိ။ ရွာသူရွာသားလူအုပ်များက လက်ခုပ်လက်ဝါးတီးသည်။ ထို့နောက် လိုင်ပင်းလှီးထားသော သီဆုံးပြီးလူငယ်အလောင်းကို တောင်ယာအနှံ့ ခွန်အားဟိသူနှစ်ဦးယူဆောင်၍ သွီးစက်ချသည်။ သွီးစက်တစက်မကျန်သောအခါ လူငယ်၏ဂေါင်းကိုဖြတ်လျှက် နှီးဖြင့်ပြုလုပ်ထားသော ခရင်းတောင်း၌ထည့်၍ ရွာအ၀င်သစ်ပင်ကြီးထက်တင်ပြီး သစ်ကိုင်းမှာ ချိတ်ဆွဲထားလိုက်သည်။ ဂေါင်းမပါသော ကိုယ်ခန္ဓာကိုယ်ကို လက်ဝါးကပ်တိုင်၌ ချိုင်နှောင်ထားသည်။ ထို့အတူ နာဂအမျိုးသမီးကိုလည်း သွီးပယ်ကျံနီသောဓားဖြင့် (၇) နှစ်ခေါက်တိတိ ပါးစမှ တပြစ်ပြစ်ရွတ်ယင်း နောက်ဆံစုကိုကိုင်၍ လိုင်ဖင်းကိုဓားဖြင့်ဖြတ်လိုက်သည်။ မြင်ရသည်မှာ အသဲယားသည်။ သီဆုံးလားသောနာဂမိမ္မပျိုအား နာဂလူငယ်ကဲ့သို့ တောင်ယာထဲ၌ သွီးစက်ချသည်။ သွီးစဲသည်နှင့် လိုင်ဖင်းကိုဖြတ်ချ၍ နာဂလူငယ်ကဲ့သို့ ဂေါင်းကိုသစ်ပင်ကြီးထက်တွင်၎င်း၊ ကိုယ်ခန္ဓာကို လက်ဝါးကပ်တိုင်တွင်၎င်း ချိုင်နှောင်ထားလိုက်သည်။

ယင်းကဲ့သို့ပြုလုပ်သည်မှာ တောင်ယာနတ်ကို ပူဇော်ပသခြင်းဖြစ်ကြောင်း၊ တောင်ယာနတ်ကို ပူဇော်ပသမှ အသီးအနှံပွားများကြောင်းသိရသည်။ အ၀တ်မဲ့နာဂရွာ (၁၀) ရွာ၊ သစ်ခက်စည်းရွာ (၁၀) ရွာ၊ ပျိုင်ချပ်ဝတ် (၉) ရွာ ခရစ်ယာန်ဘာသာဝင်များကမူ အ၀တ်စည်းသည်။ တချို့နာဂများမှာ မြန်မာစကားကောင်းကောင်းနားလည်ပြီး ဆက်ဆံရေးအဆင်ပြေသည်။ ဖော်ရွယ်ကူညီသည်။

ရက်ပေါင်း (၄၀) ကျော်မျှ နာဂရွာများကိုဖြတ်၍ ခရီးနှင်ပြီးနောက် အိန္ဒိယနိုင်ငံ မီဇူလူမျိုးသမ္မတတဦးကိုလည်း အထူးအဆန်းတွိရသည်။ မီဇူသမ္မတကြီးနောက်တွင် မီဇူလူပျို (၃၀၀) ခန့်ဟိ၍ ၄င်းရို့နှင့် မိတ်ဆွီဖွဲ့ရသည်။ မီဇူလူမျိုးများ၏အာဂန္ဓုအဖြစ် (၇) ရက်ခန့်နားပြီးနောက် မေလ (၂၄) ရက်နိ ချင်းပြည်နယ်ဖက်သို့ ခရီးထွက်သည်။ ပြည်ချစ်ပါတီဦးနုတပ်မှ ခွဲထွက်လာသော ၀ီလျံဂေါင်းဆောင်သည့် ချင်းအမျိုးသားအင်အား (၁၃) ဦးပါဝင်သည်။ ၄င်းရို့မှာ ထိုင်းနိုင်ငံမှ လိုက်လာခြင်းဖြစ်သည်။

ချင်းအမျိုးသားအဖွဲ့နှင့် ရခိုင်တပ်မတော်

ပြည်ချစ်ပါတီ (၀န်ကြီးချုပ်ဟောင်းဦးနုအဖွဲ့) မှ ခွဲထွက်လာသော ချင်းအမျိုးသားကို ၀ီလျံဆိုသူက ဦးဆောင်သည်။ ၀ီလျံချင်းတပ်ဖွဲ့မှာမူ ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့်ဟိသူများ၍ ထမင်းချက်ရဲဘော်အဆင့်မဟိ။ တဦးနှင့်တဦးလည်း စည်းလုံးညီညွတ်မှုမဟိ။ မကြာမကြာ ရန်သူ့ထံထွက်ပြီး သစ္စာဖောက်လားသဖြင့် (၆) ဦးလောက်ကျန်သည်။

ချင်းအမျိုးသားဝီလျံအဖွဲ့ သစ္စာဖောက်ထွက်ပြီးလားခြင်းသည် မိုးလင်းရာဇာစစ်ကြောင်းအတွက်သော်၎င်း၊ ၀ီလျံအတွက်သော်၎င်း စိုးရိမ်မကင်းဖြစ်ရသည်။ ရန်သူစစ်ကြောင်းကို သတင်းပီးပို့ခြင်းနှင့်တူသည်။ မိုးလင်းရာဇာစစ်ကြောင်းလမ်းခရီးအတွက် မဟာပြဿနာကြီးဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲကြီးကိုဖြစ်စီမည့် သီမင်းအန္တရာယ်ဖြစ်သည်။ ကြုံလည်းကြုံရသည်။

ချင်းအမျိုးသားဂေါင်းဆောင်ဝီလျံက ဥက္ကဌကြီးခိုင်မိုးလင်းကို အားမငယ်ရန် အကွေ့အကောက်ယှောင်ပုံယှောင်နည်း၊ လမ်းခရီးကိုသူသိကြောင်း။ ဥက္ကဌကြီးနှင့်တကွ ရဲဘော်အားလုံး ဘေးမသီရန်မခရန် ၀န်ခံချက်ပီးသည်။ ချင်းအမျိုးသားပင်ဖြစ်သော်လည်း စကားပြောကျွမ်းသည်။ နားဝင်ချိုအောင်ပြောတတ်သည်။ ချင်းအမျိုးသားဝီလျံ၏တင်ပြချက်ကို ဥက္ကဌကြီးခိုင်မိုးလင်း အလွန်ယုံကြည်အားကိုးသည်။ ချင်းပြည်မှဖြတ်သန်းပြီး ရခိုင်ပြည်သို့ချီတက်ရန် ဆုံးဖြတ်ထားပုံရသည်။ စစ်ကြောင်းကို ချင်းပြည်သို့ချီတက်စီသည်။

ချင်းရွာချင်းလူမျိုးများထံမှ ရန်သူ့အနီအထားကို စုံစမ်းသည်။ တရွာဝင်တရွာထွက် ခရီးဆက်သည်။ အမည်မသိရွာတရွာသို့ ၀င်လိုက်သည်နှင့် ရွာသားများအခြီပျက်အနီပျက် ကြောက်ရွံ့နီသည်ကို အကဲခတ်မိသည်။ ကြောက်စိတ်မွှမ်နီသောရွာသားများကို တခုလည်းမီးလို့မရ။ ချင်းဘာသာဖြင့် ၀ီလျံအဖွဲ့ကမီးသည်။ မျက်စိပျက်မျက်နှာပျက် သွီးဆုတ်သည်ကလွဲ၍ အဖြေမရ။ ဥက္ကဌကြီးခိုင်မိုးလင်းသည် ရွာသားများ၏အရိပ်အခြည်ကို အကဲခတ်မိပုံရသည်။ ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့အား သတိဝိရိယဖြင့်လားရန်မှာသည်။ အားလုံးကိုသတိထားရန်ပြောသည်။

ယင်းရွာအနား နန်းတလေးချောင်းကိုမရောက်ခင် ရှိပြီးပွိုင့်အား စတင်ထွက်ခွာစီသည်။ မိနစ် (၂၀) ခန့်အကြာတွင် တောငှက်များလန့်ဖြတ်ပျံသံ၊ ချဥ့်အော်သံများကြားရသည်။ ရှိတွင်လားနီသောရဲဖော်များကို ရပ်ဆိုင်းထားရန် အချက်ပြလိုက်သည်။ စာရွီးသူက စစ်ကြောင်းတခုလုံးကို လက်ကာပြသည်။ လမ်း၏၀ဲယာတဖက်တချက်တွင် ကတုတ်ကျင်းများ၌ ရန်သူတချို့အိပ်ငိုက်နီသည်။ အရက်ယစ်နီ၍လားမပြောတတ်။ (၅) ကိုက်လောက်ရာဝီးသည်။ မမြင်။

တပ်စိတ်မှူးထွန်းခိုင်ကို လက်ညှိုးထိုးပြယင်း လက်ဦးမှုယူလိုက်သည်။ ဝေါ-ဒေါင်း-ဘုန်း-ဂျိန်း ဟူသောပေါက်ကွဲသံများနှင့်အတူ မြီပြင်သို့လှဲချလိုက်သည်။ သူ့ဖက်ကိုယ့်ဖက်ပစ်ခတ်သံများ လက်နက်ကြီး၊ လက်နက်ငယ်အသံများဆူညံပြီး တောတန်းတလျှောက် ကြောက်ကောင်းထမန်းမြည်ဟိန်းလားသည်။ အိန္ဒိယနယ်စပ်ဖက်သို့ အတင်းတိုက်ဖောက်ထွက်ခရသည်။ အိန္ဒိယနယ်စပ်၌ တပ်များကို ပြန်လည်စုစည်းစီးစစ်သောအခါ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တယောက် ပျောက်ခြင်းမလှပျောက်နီသည်။ သီသည်ရှင်သည် ရန်သူဖမ်းမိသည်မသိရ။ တပ်ခွဲမှူးဗိုလ်ကြီးကျော်ဟန်တဦးရာကျန်သဖြင့် စိတ်မကောင်းကေလည်း ခရီးဆက်လက်ထွက်ခွာခရသည်။

အိန္ဒိယနယ်စပ် ကသည်းမဏိပူရပြည်နယ်သို့ ချီတက်ရသည်။ အိန္ဒိယနယ်ထဲသို့ရောက်လားသဖြင့် အိန္ဒိယနယ်စောင့်စစ်သားများကို ကျော်ဖြတ်ခွင့်တောင်းသည်။ အိန္ဒိယစစ်တပ်ဂေါင်းဆောင်များနှင့်ဆွေးနွေးပြီး အပြန်တွင်ဝင်တိုက်သဖြင့် မိုးလင်းရာဇာစစ်ကြောင်းမှ အန္ဒိယတပ်ဖွဲ့ကိုခုခံရသည်။ ရခိုင်တပ်ဖွဲ့အနီဖြင့် အိန္ဒိယစစ်တပ်ကိုလုံးဝမတိုက်လို။ အိန္ဒိယစစ်တပ်မှ လေးကြိမ်တိုင်တိုင် ၀င်ရောက်တိုက်ခိုက်သည်။ ခုခံတိုက်ခိုက်ယင်း ချင်းတောင်တန်းကို ပြန်လည်ဆုတ်ခွာရသည်။

ချင်းတောင်တန်းမှ ရခိုင်ပြည်သို့ ဒုတိယအကြိမ်ချီတက်

ရခိုင်ကွန်မန်ဒိုတပ်ဖွဲ့နှင့် စစ်ကြောင်းတပ်မှူးတပ်ဗိုလ်ရို့သည် ချင်းဝီလျံ၏ချင်းပြည်မှ ဖြတ်သန်းလားရေးအဆိုကို အထူးဝေဖန်စဉ်းစားသည်။ ဥက္ကဌခိုင်မိုးလင်းထံ မီဇူအမျိုးသမီး၏သတင်းပီးပို့ချက်ကို တင်ပြရန်စီစဉ်သည်။ ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျံကို အလွန်အကျွံယုံကြည်သည်။ ၀ီလျံပြောသမျှ အလေးထားသည်။

မြန်မာစကားကိုပြောတတ်သော မီဇူအမျိုးသမီး၏သတင်းပီးချက်မှာ အစ်ကိုရို့ အရှိမှာ ရွာတရွာဟိရေ။ ယင်းရွာထဲမှာ မြန်မာစစ်သားအများကြီး၊ စစ်ကားအစီး (၄၀) တွိခရေ။ မီဇူပြည်နယ်စပ်အတိုင်း ရောက်အောင်လားပါ။ မီဇူပြည်ဆုံးကေ ရခိုင်လူမျိုးတိနီရေ ထရိပူရပြည်ကိုရောက်လိမ့်မည်။

ဥက္ကဌကြီး ကျွန်တော်ချင်းလူမျိုးပါ။ ချင်းပြည်မှာဆိုကေ ကျနော်မသိရေဒေသမဟိ။ ရန်သူဒေဖက်ကလာကေ ထိုဖက်ကိုယှောင်ဖို့ အကျွန်တော့်တာဝန်ထား။ တခုလည်းမပူပါကဲ့။ ကျနော်အသက်နှင့်ရင်းလို့ ကာကွယ်ပီးပါမည်ဟု ချင်းဝီလျံကပြောသည်။

စာရွီးသူကိုယ်တိုင် ချင်းဝီလျံသည် မိမိ၏အိမ်သို့ပြန်ရန် အကျွန်ရို့ရခိုင်တပ်မတော်ကိုအသုံးချနီသည်ဟု သံသယဖြစ်မိသည်။ ရန်သူသည် ရှိရွာကဖြတ်စောင့်နီမည်ကို သေချာပေါက်သိသည်ဟုယူဆရသည်။

ဥက္ကဌကြီးခိုင်မိုးလင်းက ချင်းဝီလျံတပ်ကို ရှိမှတက်ရန်အမိန့်ပီးသည်။ ဟုတ်ပါယင့်ဟု တခွန်းပြောပြီး ချင်းလူမျိုးခြောက်ဦး ရှိကဦးဆောင်လားသည်။ စာရွီးသူနှင့် မိုးလင်းရာဇာစစ်ကြောင်းက ဥက္ကဌကြီးထံ အကျိုးအကြောင်းယှင်းပြလို၍ ချင်းဝီလျံနောက်လိုက်၍ မတက်သိမ့်။

ကွန်မန်ဒိုတပ်ဖွဲ့ အယင်လာ

ဒေကောင်တိ ဇာလုပ်နီကတ်တေလဲ

ဒေါသသံက ဥက္ကဌကြီးအမိန့်တွင်ပါနီသည်။ ဥက္ကဌကြီးကိုအလေးပြုပြီး မီဇူအမျိုးသမီးထံမှ သတင်းပို့ချက်ကိုတင်ပြလိုက်သည်။ ကြောက်၍ပြောသည်အထင်ဖြင့် ဆုံးမမည်ပျင်သောအခါ နောက်သို့ (၄-၅) လှမ်းဆုတ်လိုက်ရသည်။ တဖန်ထပ်မန်၍ ဒုဗိုလ်ခိုင်မာယုတင်ပြသောအခါ လက်ဝါးစောင်း (၅) ချက် အပီးခံရသည်။ ဥက္ကဌကြီးက ရှိပြီးကွန်မန်ဒိုချီတက်ဟု အမိန့်ပီးသည်။ အမိန့်ကိုဖီဆန်၍မရ။ နာခံရသည်။

အမိန့်ကိုနာခံတတ်သော ရှိပြီးကွန်မန်ဒိုများချီတက်သည်။ ရှိမှပါသော ချင်းဝီလျံတပ်ကိုပင် ကျော်တက်ရသည်။ နာရီဝက်ပင်မကြာလိုက် အသင့်စောင့်နီသောရန်သူများ ဖန်တီးထားသောသတ်ကွင်းကို ဆင်းမိသည်နှင့်တပြိုင်နက် -

ဘုံး-ဘုံး-ဘောင်း-ဘောင်း--ဒိုင်း-ဒိုင်း-ဒိုင်း--ဘုန်း-ဂျိန်း-ဘောင်း ဟူသောအသံများ၊ ဆူသံညံသံ၊ အမိန့်ပီးသံ၊ ဟိန်းသံဟောက်သံများက ကမ္ဘာပျက်ယှောင်။

ရန်သူကျည်ဆန် ကိုယ့်ကျည်ဆန်များက သစ်ပင်း၊ မြီပြင်များ၌ ပေါက်ကွဲလျှက်ဟိသည်။ ရန်သူသတ်ကွင်း (၁၀) ကိုက်လောက်ရာ ၀င်မိသည်ဖြစ်၍ တိုက်ယင်းခိုက်ယင်း လွတ်အောင်ရုန်းရသည်။ မိမိရို့မှာလည်း ပေါက်သည့်နှဖူးမထူးပျာဟု ဆုံးဖြတ်လိုက်သည်။ ပစ်ဆုတ်ပစ်တက်လုပ်ရသည်။ ယှောင်ကွေ့ဆုတ်လုပ်ရသည်။

ချင်းဝီလျံနှင့်အဖွဲ့ ချင်းပြည်သို့ထိုးဖောက်ဝင်ရောက်လားသည်။ သီသည်ရှင်သည်ကိုမသိရ။ ရန်သူတပ်ဖွဲ့များမှာ ချင်းတောင်တန်းတလျှောက် အချိတ်အဆက်မိမိဖြင့် အပြည့်စောင့်နီသည်။ ချင်းဝီလျံ၏စကားကိုယုံကြည်မိသောကြောင့် တိုက်ပွဲမှာ ဆင်ကန်းတောတိုးဖြစ်ရသည်။ စစ်ရေးတကွက်မှားပျာဟု ကောက်ချက်ချမိသည်။

အကြောင်းကမထူးပါယာ။ နိတိုက်ပွဲညည့်တိုက်ပွဲ သေနပ်သံမစဲ။ အအိပ်ပျက်၊ အစားပျက်၊ ရိက္ခာပြတ်၊ ဆီးဝါးပြတ်။ ကံကြမ္မာက မိမိ၏လက်ထဲမှာဖြစ်သည်။ ချင်းရွာအနားသို့ ချဉ်းကပ်ကြည့်သည်။ လုံး၀၀င်၍မရ။ တိုက်ပွဲဖြင့်ဆုတ်ခွာရသည်။ တောင်ကြောတောက်လျှောက်ကြည့်လိုက်လျှင် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ် ကလေးမြို့နယ်များဟုထင်မှတ်ရသော မီးရောင်များကို ညည့်အခါမြင်ရသည်။ လား၍ကားမရ။ ရန်သူကဖြတ်လေးဖြတ် ထိုးစစ်ဆင်ထားသည်။ စားနပ်ရိက္ခာပြတ်သဖြင့် ထမင်းမစားရသည့်ရက်က များလာသည်။ ချင်းတောင်တန်းတလျှောက် သစ်ဥသစ်ဖုများရှာဖွီ၍ အဟာရဖြစ်စားရသည်။ သစ်ဥသစ်ဖုမတွိလျှင် ပင်နုရွက်နု၊ အင်ဖူး၊ နပျိုးဖူး၊ ပြောင်းစိအခြောက်များကို တောင်ယာဟောင်းမှ ကောက်စားရသည်။ တခါတရီ တောင်ယာဟောင်းများတွင် အသင့်စောင့်နီသော ရန်သူများနှင့်တိုက်ရသည်၊။ ပြီးရသည်က အညောင်း။

မိုးလင်းရာဇာစစ်ကြောင်း ထိုတဖွဲ့ဒေတဖွဲ့ ဖရိုဖရဲဖြစ်နီသည်။ ဤသို့ဖြင့် ချင်းပြည်နယ် ဖလမ်း၊ တီးတိန်အရောက်တွင် စာရွီးသူမှတ်တမ်းအရ အပါးကပ်လှံစွပ်ထိုးတိုက်ပွဲ (၉) ပွဲ၊ အနီးကပ် ရင်ဆိုင်တိုက်ပွဲ အပွဲ (၃၀)၊ နောက်ဆုံးဖိုင်နယ်ပွဲမြောက် (လှိုင်ပုံ) ရွာ၌ ရန်သူစစ်တပ် အဆမတန်များသဖြင့် အရေးနိမ့်ခရသည်။

ချင်းပြည်ကနေဒီတောင်တန်းတွင် မျိုးချစ်ရခိုင်ဗိုလ်၊ အကြပ်တပ်သားအများအပြား၊ အစုလိုက်အပြုံလိုက်ကျဆုံးသည်။ ရန်သူဖက်မှလည်း ရာနှင့်ချီ၍လစန့်ကောင်သည်။ အလောင်းများမှာ မြင်မကောင်းရှုမကောင်း။ အနိဌာရုံလူသတ်ကွင်း။

လှိုင်းပုံရွာတိုက်ပွဲမှ လူစုကွဲခရာ စာရွီးသူနှင့်အတူ ဥက္ကဌကြီးခိုင်မိုးလင်း၊ အတွင်းရေးမှူး ခိုင်ဘကျော်၊ ဗိုလ်သိန်းနိုင်၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ အရာခံဗိုလ်မိုးဟိန်း၊ တပ်ကြပ်ကြီးမြမောင်၊ မိုးတိမ်ပျံခိုင်သန်းကျော်၊ ဆီးမှူးခိုင်မင်းလတ်၊ စုစုပေါင်း (၁၁) ဦးမျှရာစုမိသည်။ ရိက္ခာပြတ်၊ အစာငတ်။ ရန်သူကိုယှောင်ကွင်းပြီးရသည်။ ညည့်အမှောင်ကိုအားကိုးရသည်။ ဂျောက်ကမ်းပါးယံများကို စမ်းတ၀ါးဝါးလျှောက်ရသည်။ အမှောင်သည်ပင်အကောင်းဆုံး။ ဧရမမတ်စောက်သော တောင်ထိပ်တခုကိုတက်သည်။ တောင်ထိပ်ကိုရောက်သည်နှင့် ဘယ်ညာလေ့လာကြည့်သည်။ ဖြတ်ခနန်းမီးရောင်တခုကို တွိရသည်။ ရန်သူဖြစ်နိုင်ရေပိုင် လူစုကွဲလားသော မိမိလူလည်းဖြစ်နိုင်သည်။ မီးရောင်ဟိရာအသက်စွန့်ပြီး သစ်ကိုင်းသစ်ငုတ်များကိုဖယ်၍ ချောင်းမြောင်းကြည့်ရာ ချင်းတောင်တောင်ယာတခု၌ လက်နက်များကိုဝှက်ပြီး အရပ်သားအ၀တ်ဝတ်ဖြင့် ပြောင်းစိထမင်းချက်စားနီသော ခိုင်အာဏာနီ၊ ဇာနီခိုင်၊ ရောင်းရင်းစိုးနိုင်၊ ခိုင်မျိုးရိုင်း၊ ခိုင်မင်းရို့အား မသီမပျောက်တွိရသည်။ ၀မ်းသာလုံးဆို့ရသည်။ အင်အားစုစုပေါင်း (၁၆) ယောက်ဖြစ်လား၍ အားတက်မိသည်။

ချင်းတောင်ယာပိုင်သျှင်ကို ပြောင်းစိများရောင်းရန် ဖဲသာဖြင့်ပီးဝယ်သည်။ ချင်းများက ဖဲသာမယူမရောင်းချင် ဂေါင်းခါသည်။ ပိုင်သျှင်မရောင်းကေလည်းငတ်နီသဖြင့် အားဓမ္မဖဲသာထုတ်ပီးပြီး ပြောင်းစိများကိုယူခရသည်။ စိတ်မကောင်းပါ။ အားလည်းနာပါသည်။ သနားလည်းသနားပါသည်။ မတတ်နိုင်။ ငတ်ခြင်းကြောင့် ၀မ်းတင်းဖို့ကအရေးကြီးသည်။ လူနှင့်မပါးတောကြီးထဲမှာ အသက်ဆက်နိုင်ရေး ခရီးဆက်နိုင်ရေးအတွက် ပြောင်းစိရိက္ခာများကို နိုင်သလောက်ယူပြီး တောင်ယာကိုနောက်ခိုင်းထားခရသည်။ ညည့်သုံးယံမှာ နှစ်ယံခရီးဆက်ပြီးညောင်းလာသဖြင့် ကုန်းမြင့်တခုကခြုံတခုတွင် ခိုဝင်ယင်းအိပ်စက်ရသည်။ ရန်ကင်းအစောင့်ထားကေလည်း ကင်းသမားက အိပ်ပျော်နီမည်မလွဲ။

ဘုံး-ဘုံး-ဒိုင်း-ဒိုင်း-ဂျိန်း-ဘောင်း

မိုးထက် (၄) ချက်တီးလောက်မှာ ရန်သူ၏အဆက်မပြတ် ပစ်ခတ်မှုကိုခံရသည်။ ဥက္ကဌကြီးကို တစထိမှန်လားသည်။

ဥက္ကဌကြီး ရှိက မြောင်အတိုင်းဆုတ်ပါ။ အကျွန်တော်ခံပစ်ထားပါမည်

ဒိုင်း-ဒိုင်း-၀ုန်း-ဒိုင်း

လက်နက်မျာက မိုးသီးပေါက်ပိုင်ကျသည်။ ရောင်းရင်းစိုးနိုင်တယောက် ညာဖက်မျက်လုံးနှင့် ဘယ်ဖက်ပေါင်ကို ကျည်မှန်သည်။ ပေါင်းရိုးကျိုးကျလားသည်။

ဒေါင်း-ဒေါင်း-ဖောင်း-ဖောင်း

ကာပိုင်ကျည်ဆန်များ ဂေါင်းထက်ကဖြတ်၊ ဘေးကဖြတ်၊ နံကဖြတ် ဖြတ်သည်။

ကေ - စိုးနိုင် မင်းဒါဏ်ရာကလည်းများရေ။ နောက်လူတိလည်း ဆုတ်လားခပျာ်။ မင်းစိတ်ကိုတင်းထား။ လက်ပစ်ဗုံးနှစ်လုံးယူထားလိုက်။ ရန်သူမကြာခင် မင်းပါးကိုရောက်လာလိမ့်မည်။ လက်ပစ်ဗုံးနှစ်လုံးနှင့်ရာ ယှင်းလီဖိ

စိုးနိုင်မျက်စိတဖက်မှ သွီးများဒလဟောဆင်းပြီး ကျန်တဖက်ကမျက်ရည်ကျလျှက် ခိုင်နီရောင် င့ါကိုပစ်ထားခဖို့ယေလား ဟူသောစကားကိုကြားပါလျှက် နောက်ခိုင်းခရသည်။ ကြီကွဲမှု၊ စိတ်မကောင်းမှု၊ ၀မ်းနည်းမှုများစွာဖြင့် ရှိလူများဆုတ်ခွာလားသည့်မြောင်အတိုင်း ပြီးဆင်း၍လိုက်ရှာရသည်။ လျှိုမြောင်အကောက် (၁၀-၉) ခု မြောက်သောအခါ ရန်သူကို စိုးနိုင်လက်ပစ်ဗုံးဖြင့်ခွင်းသံ ကြားလိုက်ရသည်။ နောက်ဆုံးအသက်ငင်နီစဉ်မှာပင် တိုင်းပြည်နှင့်လူမျိုးအတွက် သမိုင်းပီးတာဝန် သူကျီခသည်။

မြောင်အထပ်ထပ်ကိုကျော်ဖြတ်ကာ ရှိကဆုတ်ခွာလားသောရဲဘော်များကိုရှာဖွီယင်း စိုးနိုင်စကားက မိမိစိတ်ကိုကြီးစိုးနီသည်။ စိတ်ထဲထွင်လည်း မိမိကိုမိမိ ခွင့်လွှတ်ချင်စိတ်မဟိ။ တဦးတည်းတယောက်တည်း ထမ်းပိုး၍လည်းမနိုင်။ ခိုင်နီရောင် ငါ့ကိုပစ်ထားခဖို့ယေလား စကားကိုကြားယောင်နီသည်။ ယူကျုံးမရဖြစ်မိသည်။ အဖော်များကိုရှာယင်း ရိက္ခာပြတ်။ ငတ်ပြတ်။ သစ်ဥသစ်ဖုတူးစားရသည်က လုံချင်းတည်း။ နိရက်မရွီတွက်နိုင်ပျာ။ ရန်သူဖီးမှလွတ်အောင်ပြီးနီရသည်။

ယွှီ - ယွှီလက်ပုလီမှုတ်သံ မြောင်တခုအနားမှကြားရသဖြင့် သတိထားနီရာယူလိုက်သည်။ သေသေချချာစိုက်ကြည့်လိုက်ရာ ဥက္ကဌကြီးခိုင်မိုးလင်း၊ ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး၊ ဇာနီခိုင်၊ မျိုးရိုင်း၊ ခိုင်သန်းကျော်၊ ခိုင်မင်းလတ်ရို့ကို အရှင်လတ်လတ်တွိရသည်။ ကကောင်းဝမ်းမြောက်မိသည်။ ကဗျာကယာ အရိုအသေပြုပြီး ဗိုလ်မှူးကြီးဒါဏ်ရာအများပါလား - စိုးရိမ်တကြီးမီးလိုက်သည်။ ပေါင်ကိုချန်လားခစွာရာဟုဖြေသည်။

(၈) ယောက်မျှသောလူနှင့် ရခိုင်ပြည်ကိုချီတက်ရန် အမိန့်ပီးသည်။ ယင်းနီရာမှ တောတောင်များကိုကျော်။ ဂျိုင့်အထပ်ထပ်ကိုဖြတ်၍ တီးတိန်-ဖလန်းကားလမ်းသို့ အရောက်ချီတက်ကတ်ရသည်။ တီးတိန်ဖလန်းကားလမ်းကိုရောက်သည်။ နိအခါကျော်ဖြတ်၍မဖြစ်။ ညည့်ကိုစောင့်ရသည်။

အဝေးညီချေ - စိတ်ဓာတ်မကျကဲ့နှမ်း

ဟုတ်ပါရေ။ စိတ်ဓာတ်မကျပါ ဗိုလ်မှူးကြီး

ငါမှားရေဝေး။ အိန္ဒိယနယ်စပ်ကလားကေ လွတ်တေ။ လွတ်ဖို့

ငါ့ညီချေရို့ပြောစကားကို နားမထောင်လိုက်၊ ၀ီလျံချင်းစကားကိုယုံလို့

ဥက္ကဌကြီးခိုင်မိုးလင်း မျက်ရည်ပင်ကျသည်ဟုထင်သည်။ ၀မ်းနည်းပက်လက်ဖြစ်နီသည်။ အိပ်ကပ်မှာ အသင့်ပါလာသော လက်ကိုင်ပုဝါဖြင့် မျက်နှာကိုသုတ်လိုက်သည်။ တဖန် အိပ်တွင်ပါသော ချီဂွေဘားရား၊ ကျူးဘားနိုင်ငံမှ ကတ်စထရိုဓာတ်ပုံများကို ထုတ်ပြသည်။

ဒေပုံကိုကြည့်ကတ် - ငါ့ညီရို့

အေဂေါင်းဆောင်ကြီးကတ်စထရိုရေ အေပိုင်ဒုက္ခခံပြီးမှ လွတ်လပ်ရေးကိုရရေ။ အခုလည်း ငါရို့ရခိုင်ပြည်ကို အရောက်ချီမည်။ ရန်သူဘားမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်ကဲ့။ အမျိုးသိက္ခာကျရေ။ သီကေအေပိုင် ရခိုင်ဘတ်တံဆိပ်ကိုပြလို့သီ။ ငါလုံးဝဒူးမထောက် လက်မမြှောက်။ စိတ်ရာချ။ လက်နက်ဖက်လို့သီချင်သီပတ်စီ။ ငါ့အတွက် မလွဲမယှောင်သာကေ ကျည်သုံးတောင့်နှင့် ကိုယ့်စွာကိုယ်အဆုံးစီရင်လားဖို့။ တီးတိန်-ဖလမ်းကားလမ်းခြုံတောဘေးမှာ ဥက္ကဌကြီး၏နောက်ဆုံးမိန့်ခွန်းဖြစ်သည်။

(၁၉၇၇) ခုနှစ် ဇွန်လ နှစ်ရက်နိ ညည့် (၆) ချက်တီးအချိန်။ နီမင်းကြီး အနောက်ဂေါယာယွန်းချိန်။ တောပုဇိုင်းသံများဆူညံနီသည်။ ညည့် (၉) ချက်တီးအချိန်တွင် ကားလမ်းကိုဖြတ်ကူးသည်။ ယင်းလမ်းဘေးတွင် ပင်ပမ်းသဖြင့် ရဲဘော်ခိုင်သန်းတယောက် အိပ်မောကျကျန်ခသည်။ အာသံမဏိပူရဆိပ်ကမ်းသို့ရောက်သည်။ တညည့်လုံးစမ်းတ၀ါးဝါးခရီးဆက်သည်။ အလင်းရောင်ရောက်သည်နှင့် တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက် (၈) မိုင်အကွာ ၀ါးပတ္တလားတန်းထသို့ရောက်သည်။

ဥက္ကဌကြီး၏ထိုဖက်ကူး အမိန့်သံထွက်လာသည်။

နီဟုသိမ့်တချက်ချေ။ အေမှာ ရန်သူစစ်ဖိနပ်ရာတိ အများကြီးတွိရပါရေ

ထိုဖက်ကမ်းမှာ ရန်သူရောက်နီပျာ ထင်ပါရေ

အဝေးရောင်နီ - မင်းကြောက်ကေနောက်ဆုတ်။ စကားမရှည်ကဲ့

ထိုသို့ပြောနီစဉ် ဒုဗိုလ်သီဟ၊ ဒုဗိုလ်ကျော်ထူး ချီတက်လားသည်။ စာရွီးသူသည် ဥက္ကဌကြီးရှိတွင် ဖိနပ်ကြိုးပျင်ဟန်ပြု၍တားစဉ် ညီချေလားဝေး - အေမှာ သီဟကျော်ထူးနှစ်ယောက် တန်းထအလယ်ကို ရောက်နီပျာထင်ရေ

ဘုန်း-ဘုန်း-ဒိုင်း-ဒိုင်း

ရန်သူ့ကျည်ဆန်နှင့်အတူ ဒုဗိုလ်သီဟနှင့် ဒုဗိုလ်ကျော်ထူး ချောင်းထဲရွင့်ကျလားသည်။ ဥက္ကဌကြီး၏ ဒူးတည့်တည့်ကိုမှန်သဖြင့် ပရုန်းနရုန်း အလျှင်ဆွဲယူကာ ကုန်းထက်သို့ပြီးရသည်။

အချိန် ဇွန်လ (၄) ရက်နိ မိုးထက်ခြောက်ချက်တီး။

ညီချေ ခိုင်နီရောင်

ဘုရား

ငါ့ဒူးဆစ် ဒိုးလက်မဟိယာဝေး

ထမ်းယူပါမည် ဗိုလ်မှူးကြီး

ဥက္ကဌကြီး၏ဒူးဆစ်မှ ဒရဟောကျနီသောသွီးများသည် ပတ်ဝန်းကျင်တခွင်ရဲရဲနီနီ၏။ ကြည့်နီ၍ကားမဖြစ်။ ဥက္ကဌကြီးအားထမ်းကာ မဏိပူရမြစ်ကြောင်းအတိုင်းပြီးရသည်။ ရန်သူများအားဖိ၍တိုက်သည်။ သေနပ်သံ၊ စိန်ပြောင်းသံ၊ အမြောက်သံများက တတောလုံးဆူညံနီသည်။ ရန်သူတပ်ဖွဲ့မှ လော်စပီကာအသံထွက်လာသည်။

ခိုင်မိုးလင်းလက်နက်ချလိုက်။ ခင်ဗျားကိုမသတ်ဘူး

မဏိပူရမြစ်ရိုးတလျှောက် ဥက္ကဌကြီးကိုထမ်း၍ပြီး၍ (၁) နာရီလောက်ကြာသောအခါ

ငါ့ညီရို့ ငါ့ကိုချ။ အမိန့်ပီးသည်

ဥက္ကဌကြီးကို အသာချေအောက်သို့ချလိုက်သည်

ငါ့ညီရို့ - ငါ့ကိုထားခကတ်။ ရှိကိုတက်။ လုံးဝလက်နက်မချကဲ့

ပါလာသည့်ဖဲသာများကို မီးလျှို့လိုက်သည်။ နာရီကိုထုခြီလိုက်သည်။ (AK) လက်နက်ကိုဖျက်ဆီးပြီး အနားဝန်းကျင်သို့ လွှင့်ပစ်လိုက်သည်။

ငါညီရို့ - ရှိတက်။ အမိန့်ကိုနာခံ

စာရွီးသူရို့ အနားမှာနီခွင့်မရ။ အမိန့်ကိုနာခံရသည်။ ဖာလုံဝက် တဖာလုံလောက်အ၀ီးရောက်သောအခါ ပစ္စတိုသံသုံးချက်ကြားရသည်။ စာရွီးသူနှင့်အားလုံး ဥက္ကဌကြီးဟိရာပြီးလားသော်လည်း ရန်သူ၏အင်အားကြီးမှုကြောင့် အခွင့်မသာဘဲ ရန်သူနှင့်အပြိုင်လုယင်း ရန်သူရလားသည်။

ဥက္ကဌကြီးခိုင်မိုးလင်းသည် မသီခင်ကပင် ဒူးမထောက်လက်မမြှောက်။ ကျည်သုံးတောင့် ငါ့အတွက် ပြောစကားအတိုင်း သမိုင်းပီးတာဝန်ကျီသည်။

(၁၉၇၇) ခုနှစ် ဇွန်လ (၄) ရက်နိ မိုးထက် (၆) ချက်တီး။ တီးတိန်မြို့နယ် မော်ဘိန်းရွာတောင်ဖက်သျှစ်မိုင်အကွာ မဏိပူရမြစ်အနားတွင် ဒဏ်ရာရသည်။ ယင်းမှတနာရီခန့်အကြာတွင် ပစ္စတိုသုံးချိန်းဖြင့် မိမိကိုယ်ကိုမိမိအဆုံးစီရင်လားသည်။

ရခိုင်ပြည်နှင့်ရခိုင်လူမျိုး ကျွန်ဘ၀မှလွတ်မြောက်နိုင်ရေးအတွက် ပါတီတပ်မတော်ကိုထူထောင်ကာ ဆင်းရဲဒုက္ခမျိုးစုံ အသက်သွီးချွေးအရင်းအနှီးပြုလျှက် တိုက်ပွဲပေါင်းမြောက်များစွာယှဉ်ပြိုင်တိုက်ခိုက်၍ နီထွက်ရာအရပ်မှ နီဝင်ရာအရပ်ဖြစ်သော အဖရခိုင်ပြည်သို့ တနှစ်နီးပါး မိုးလင်းရာဇာစစ်ကြောင်း ဇွဲသတ္တိစွမ်းအား သစ္စာအဓိဌာန်မပျက်ကွက်ဘဲ အာဇာနီလူစွမ်းကောင်းပီသစွာဖြင့် ကရင်ပြည်၊ သျှမ်းပြည် မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ကချင်ပြည်များကိုဖြတ်ကျော်ပြီ ချင်းပြည်လမ်းခုလပ်အရောက်တွင် ရခိုင်သူရဲကောင်း (၅၃) ဦး ချင်းပြည်တွင်လည်းကောင်း၊ ကရင်ပြည်၌ (၃၁) ဦး ရခိုင်ပြည်လွတ်လပ်ရေးအတွက် သွီးခင်းစတေးခသည်ကို အစဉ်သတိရဂုဏ်ပြုလျှက် ဤစာတမ်းသမိုင်းမှတ်တိုင်ကို စိုက်ထူလိုက်ပါသည်။

ခိုင်နီရောင် (ကိုယ်တွိ)

(ရခိုင်လွတ်လပ်ရေးစာစောင်မှ)


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|