ရမ္မာမြီ၏တောလက်တေးကဗျာများ

အကျွန်ုပ်ရို့ ရခိုင်ဒေသတွင် ရှိဟောင်းအမွီအနှစ်များ များပြားလှပေ၏။ ဤကဲ့သို့ အမွီအနှစ်များတွင် စာပီယဉ်ကျေးမှု အမွီအနှစ်များသည် တစတစ ပျောက်ကွယ်လားကြပြီးဖြစ်ရာ၊ ဇာတ်လမ်းသာခြင်းများမှာ ပို၍ပင်ပျောက်ကွယ်လားကြပြီးဖြစ်သည်။ သို့သော်လည်း အရိုးကို အရွက်မဖုံးစီရေးအတွက် မိမိဒေသတွင် ထင်ရှားစွာ တွိနီသိမ့်သော ဇမ်းကဗျာများကို ရှာဖွေလျက် ဤမဂ္ဂဇင်းတနီရာမှ တင်ပြလိုက်ပါသည်။ ရမ္မာမြီမှ ဇမ်းကဗျာသည် တန်းခိုးဆရာထွန်း၏သာခြင်းနှင့်တူလှသည်။ တန်းခိုးဆရာထွန်းသည် ကော်ကာနုသာခြင်း၊ ရာမသာခြင်း၊ သုဝဏ္ဏလျှံသာခြင်း၊ ဝေသန္တရာသာခြင်း၊ တေမိသာခြင်း၊ ၀ိဇယသာခြင်း၊ မျောက်နှင့်လူ မယားလုခြင်းသာခြင်း၊ ပဒုမ္မဒေ၀ီသာခြင်းသည် များပြာစွာသော သာခြင်းရို့ကို စပ်ဆိုခပါသည်။ ဤဆရာထွန်းသာခြင်း၏ အလှည့်တခုကို ဥပမာတင်ပြပါမည်။

ပိတုံးတောင်လေ၊ အရောင်ယှုံးမျှ၊ သလုံးမြင်းခေါင်၊ ဖော့ဖယောင်းသို့၊ လက်ချောင်းလက်တံ၊ ကြာရိုးတံယောင်၊ ပါးတံပါးရစ်၊ လွန်ပြေပြစ်လျက်၊ ကျစ်လစ်မွေ့သိမ်၊ သျတ္တရကေ၊ ကျမ်းပြညီ၍၊ ကာယိနြေ္ဒ၊ လှမျိုးမေမှာ၊ တိုရှည်ကြုံဆူ၊ ညိုမဖြူဘဲ၊ ပါးထူကြီးငယ်၊ ခြောက်သွယ်အပြစ်၊ မြူမတင်လေ၊ မျင်မသန်းကေ၊ စွမ်းမညစ်ဘဲ၊ ရိုးဆစ်မထင်၊ ပြစ်မမြင်ကေ၊ ရွှေရင်ဖြူးဖြူး၊ ပန်းငုံဖူးလေ၊ ပဒုံဖူးသို့၊ အထူးအဆန်း၊ ရှုမခမ်းကေ၊ နှုတ်ခမ်းနီတျာ၊ လျှာပါးပါးနှင့်၊ စကားသာကေ၊ သွားမှာပုလဲ၊ ဖြူးဖွေးဖွေးကေ၊ မကြဲမသိပ်၊ စိန်ရတီပိုင်၊ ညီမြိတ်မြိတ်နှင့်၊ လိုင်မိတ်တိုရှည်၊ ဆိုဘွယ်မဟိ၊ ငါးအင်္ဂါလေ၊ ညီညာညွတ်ကေ၊ နတ်ဇာတိမှာ၊ မျက်စိလှညီ၊ မျက်ဖြူနည်းလို့၊ မျက်မဲနီနှင့်၊ မစီမ၀န်း လှတင့်တယ်လေ၊ မျက်မှောင်ထွေပြား၊ ဆီးပန်းချီနှင့်၊ ရွီးချယ်ထားသို့၊ ချောမောတင့်တယ်၊ နတ်မတူလေ၊ လူမမျှအောင်၊ လှတော့သည်လေ။

စသည်ဖြင့် မိန်းမရို့၏အလှကို ရွီးသားစီကုံးခပါသည်။ ယခု ကျွန်တော်တင်ပြမည့် ရမ္မာဝတီ ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့နယ်ဒေသ၌ ယခင်အခါက ခေတ်စားခသော ဇမ်းကဗျာများသည်လည်း ဆရာထွန်း၏ အလှဘွဲ့ကဲ့သို့ ဖွဲ့ဆိုခသည်ကို မြင်ရပါလိမ့်မည်။

အို လေ့လေ အိုလေချောလေ
အထက်မှာနတ်ပြည်၊ အောက်မှာလူ့ရပ်
ဤဇမ္ဗူမှာ ဇောင်မမြင်ဖူး၊
ဤကမ္ဘာမှာ အလှထူးလို့
ရူးလားဖို့ယာပုချေ--။

အင်္ကျီလက်တို၊ ခါးတိုလက်ရမ်း
ပန်းပွင့်ချေ သီကာတန်းလို့
ပန်းနုရောင်နှင့်၊ ခါးမှာထဘီ
ရင်မှာလှိုင်းတွန့်၊ ဇာနားသီ
ကတီဘာနက်ရောင်၊ မြစိမ်းတောင်
ဘောင်ချေကွက်လို့၊ အောက်ရပ်မြီမှာ
အလွန်ယေလှကေ၊ လူယေရာနတ်လား --။

ခက်ဆစ်အဓိပ္ပါယ်
ရှာလိုက်တေနက်=ရှာလိုက်သည့်အခါ
ပုယေမောင် = ချစ်စွာသောမောင်မောင်
ဇောင်မမြင်ဖူး = မည်သည်ခါလည်း မမြင်းဖူးပါ
အလွန်ယေလှလို့ = အလွန်တရာလှပါသည်။
လူယေရာနတ်လား = လူလား၊ နတ်လား

ဆိုလိုရင်းအဓိပ္ပါယ်။ အို-အချောလှနှမလေး၊ အထက်နတ်ပြည် နတ်ရွာတွင်လည်းကောင်း၊ ဤဇမ္ဗူဒီပါ ကျွန်းအပြင်၌လည်းကောင်း လူပြည့်လူရွာတွင်လည်းကောင်း ရှာဖွေပါသော်လည်း မြင်ဘူးလိမ့်မည်မဟုတ်ပါ။ နှမလေး၏ အလှသည် နတ်နှင့်မတူ လူပင်မက လှပါသည်။ ဤနှမလေး၏ အလှကို မြင်ရပါသဖြင့် မောင်မောင်ရူးရမတတ်ဖြစ်နေရပါသည်။ နှမလေး၏၀တ်စားဆင်ယင်မှုမှာလည်း၊ ထူးဆန်းနေပါသည်။ အင်္ကျီလက်တို၍ ခါးလည်း တိုပါသည်။ ခါးပတ်ပတ်လည်နှင့် လက်နားပတ်ပတ်လည်တွင် ပန်းပွင့်ကလေးများသီကာ တန်း၍ ခြုပ်ထားပါသည်။ ရင်မှာလည်း လှိုင်းတွန့်ကလေးများနှင့် လှနေပါသည်။ ကတီဘာအနက်ရောင်တွင် ပန်းနုရောင်ကို ဘောင်ကွပ်ထားပါသည်။ ထဘီမှာလည်း အောက်နားတွင်ဇာပါးပါးကို အနားကွန့်ထည့်၍ ၀တ်ထားပါသည်။ အောက်ရပ်လူ့ပြည်တွင် အလွန်လှပသော မိန်းမချောချေ၊ လူမှန်း၊ နတ်မှန်း ခွဲမရနိုင်ပါ။

ဤကဗျာသည် ဆို၍ကောင်းပြီး၊ အလွန်လေးနက်ပါသည်။ အတိဿယ၀ုတ္တိဂုဏ်မြောက်ပါသည်။ နတ်ပြည်လူ့ရွာစသည်များကို ကိုယ်တိုင်လားရောက်ဖူးရေပိုင် တင်စားထားပါသည်။ နတ်နှင့်မတူ လူမက အလှမျိုးဟုဆိုပါသည်။ ၀တ်စားဆင်ယင်ပုံကိုလည်း ဖွဲ့ဆိုပုံမှာ ရသမြောက်ပါသည်။ ပန်းရောင်ကတီဘာ ဇာနားတွန့် ဘောင်ကွက်သည်ကို အတိအကျဆိုပါသည်။ ကကောင်းလှပါသည်။ ဖွဲ့နွဲ့မှုဆန်းပါသည်။ ရမ္မာ၏အလှကဗျာချေတပုဒ်ပင်။ နောက်အလှဖွဲ့ကဗျာတပုဒ်ကို ဆက်ကြည့်ကတ်ပါမည်။

အိုလေ့လေ အိုလေချောလေ
ဖ နှင့်တူ ဖ တူလို့လား
မိနှင့်တူ မိတူလို့လား
အောက်ရပ်ပြည်မှာ
အလွန်ယေလှ နတ်သမီးယှောင်
ရီကန်ဘောင်မှာ ရီအိုးယေထမ်းလို့
လမ်းလျှောက်ထွက်ကေ
ခေါင်းမှာပန် သဇင်ပွင့်နှင့်
ဆံကေသာမှာ ဆီချေဆွတ်လို့
တမြတ်တနိုး
ဒေရွာနီ ဒေရွာကလား
ဇာရွာနီ ဇာရွာကရောင်
အီးယောင်ဆို မိယေမှာမွီး
အထွီးယေ သမီးလေ --။

အထွီးယေ သမီးမှာ
ကိုယ်လုံးပြောင် အရောင်ယေထွက်လို့
အကွက်ဖော် ဇာချေပါးပါး
မြင်ရသူမှာ အသဲယားလို့
ယောက်ျားတန် မာန်ကိုချ
ရူးလားခယာပုချေ --။

ခက်ဆစ်အဓိပ္ပါယ်
နတ်သမီးယှောင် = နတ်သမီးပိုင်၊ နတ်သမီးကဲ့သို့
ရီအိုးယေထမ်းလို့ = ရီအိုးချေကို ရွက်လို့
ဇာရွာကရောင် = ဇာရွာကလဲ
အီးယောင်ဆို = အမိမှာ
မိယေမွီး = အမိဘားက မွီးသည်
အထွီးယေသမီး = အထွီးဆုံးသမီး
ဇာချေပါးပါး = ဇာအကွက် ပါးပါးချေနှင့်
ရူးလားခယာပုချေ = ရူးလားပါဗျာ ညီမချေ

ဆိုလိုရင်းအဓိပ္ပါယ်။ အို ကကောင်းလှရေ နှမချေ၊ အဖနှင့်တူလို့ လှစွာလား၊ အမိနှင့်တူလို့ လှစွာလား။ ဤရပ်ဤရွာ ဤဒေသမှာ ကကောင်းလှနီပါသည်။ အထက်နတ်ရွာက နတ်သမီးချေပိုင် လှပါသည်။ ရီကန်မှာ ရီခတ်ထွက်လာသည်ကို မြင်ရပါသည်။ ခေါင်းမှာလည်း သဇင်ခက်တ၀ီဝီနှင့်၊ ဆံကေသာလည်း ပိတုံးရောင်တောက်နီပြီး အလွန်ပင် လှပါသည်။ ဤရပ်ဤရွာ ဤဒေသသူ အစစ်လား၊ မည်သည်ရွာ မည်သည်ဒေသက ဖြစ်ပါသနည်း၊ မိခင် ဖခင်ရို့မှာ အထွီးဆုံးသမီးဟု ထင်ပါသည်။

ဤကဗျာသည် မိန်းမ အလှပချေတယောက်ကို တင်စားထားသော ဇမ်းကဗျာတပုဒ်ဖြစ်ပါသည်။ လူပျိုက အပျိုကို မြင်ရသောအခါ ဖွဲ့ဆိုသော ကဗျာပင်ဖြစ်ပါသည်။ ၀င်္က၀ုတ္တိအလင်္ကာ၊ ရူပကအလင်္ကာ၊ ဥပမာအလင်္ကာများဖြင့် တန်ဆာဆင်ထားပါသည်။ နတ်သမီးယောင် ဆိုသည်မှာ နတ်သမီးပိုင် နတ်သမီးကဲ့သို့လှသည်ဟု တင်စားထားခြင်းဖြစ်ပါသည်။

တောကြိုတောင်ကြားတွင် မွီးဖွားသည့်လူငယ်တစ်ဦး၏လက်တမ်းဖွဲ့ဆိုထားသည့် ဇမ်းကဗျာ တပုဒ်ဖြစ်ပါသည်။

နောက်တပုဒ်ကို ဆက်ကြည့်ကတ်ပါမည်။

အို -- ကြက်တိန်သမချေလေ
မောင်းမောင်တခွန်းလောက် ပြောပါမည် --။

တန်းခါးပျိုင် ကိုင်ကာရပ်လို့
မောင်းမောင်မှာကား
ထိုင်တုံ ထထုံ ရွှေရင်ခုန်
မကြုံဖူးပါ --။

အလှဒေ၀ီ ပန်းကေသီကို
မြင်ကာသန ဇောချွေးပြန်
မတ်တပ်ထလို့ ကဉ္စနပဘာ
ဤလူ့ပြည်မှာ အလွန်ယေလှလို့
နှမချောချေ
မောင်းမောင်ခေါ်ကေ တခါထူး
ထူးလိုက်ပါလား --။

ခက်ဆစ်အဓိပ္ပါယ်
ကြက်တိန်သမချေလေ = ကြက်တိန်ရွာသူမချေ
မောင်းမောင် = အစ်ကို
ခေါ်ကေ = ခေါ်လျှင်

ဆိုလိုရင်းအဓိပ္ပါယ်။ အို- ကြက်မတိန်ရွာသူနှမချေ အစ်ကို တန်းခါးပျိုင် ကိုင်၍ ရပ်စောက်ရပ်နီပါသည်။ ညီမကိုမြင်၍ ထိုင်တုံထတုံ ဖြစ်နီရပါသည်။ ညီမချေ၏အလှကို မြင်သောအခါ မောင်းမောင်မှာ ဇောချွေးပြန်နီရပါသည်။ ညီမချေ၏အလှသည် အဉ္စနပဘာ အလှမျိုးပိုင် လှပါသည်။ ဤလူရပ်လူ့ရွာမှာ သူတပါးနှင့်မတူသော အလှမျိုးဖြစ်ပါသည်။ ဤအလှကိုမြင်ရသောအခါ မူးမောမိပါသည်။ မောင်းမောင်ခေါ်နီပါသည်။ တခါတရီ မောင်းမောင်ခေါ်စွာကို အထူးပါဦးသိမ့် ညီမချေ။

ဤဇမ်းခြင်းကဗျာများသည် ရမ္မာဝတီခေါ် ရမ်းဗြဲကျွန်း၊ ကျောက်ဖြူမြို့နယ် တောရွာဒေသများ၌ ရှိယခင်အခါက အလွန်ပင်ခေတ်စားခပါသည်။ အပျိုလူပျိုများ တဦးကို မြင်ရသည့်အခါ တဦးက ဤဇမ်းကဗျာများဖွဲ့ဆို၍ ဖော်ကျူးကြ၏။ အလှဖွဲ့ဆိုကြ၏။ ကာရန်နဘေ ရသများဖြင့် ထိထိမိမိဆိုကြ၏။ တကျောင်းတကာထာ တရွာတပုဒ်ဆန်း၊ မိမိဒေသ ဒေသိယစကားဖြင့် ဖွဲ့ဆိုကြ၏။ ရခိုင်တွင် တောင်ပိုင်းသံ၊ မြောက်ပိုင်းသံ ဟူ၍ဟိ၏။ တောင်ပိုင်းဒေသိယစကားတွင် ရမ်းဗြဲသံဖြင့် ဤဇမ်းကဗျာကို ဖွဲ့ဆိုကြ၏။ ရမ်းဗြဲစကားသည်လည်း ရခိုင်စကားပင်။

ဇာတိနဂိုလှပနီသော တောဓလေ့၊ တောင်ဓလေ့၊ ရပ်ဓလေ့၊ ရွာဓလေ့များ ပျောက်ကွယ်လားမည်ကို စိုးရိမ်လှပါသည်။ အရိုးကို အရွက်မဖုံးရန် လိုအပ်ပါသည်။ ရခိုင်စကား၊ ရခိုင်စာပီ၊ ရမ္မာစကား၊ ရမ္မာဇမ်းကဗျာများ ပျောက်ကွယ်မလားရန် ဒေသခံ ရခိုင်သားများ၏တာဝန်ဖြစ်ပါသည်။ ယခုအချေသူငယ်များသည် မိမိဒေသဓလေ့ကိုပင် မသိဘဲဖြစ်နီကတ်ပါဗျာ။ အခြားခြားသောဓလေ့များက ၀ါးမျိုလာလတ်ပျာ။ ဤသည်ကို စောင့်ယှောက်ရမည့်တာဝန်မှာ အကျွန်ုပ်ရို့၏ အရေးကြီးသော တာဝန်တရပ်ဖြစ်ပါသည်။

(ရမ္မာမြီ သက်ရွှေ)


||122.248.38.233||8/4/2007 11:50:24 AM||
I do like it. Thank you, ko thet shwe and ko kyaw kyaw.

Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|