ဒေးဝန်းအောင်ကျော်ရွှီ၏ကိုယ်တွိရခိုင်ပြည်သိမ်းတိုက်ပွဲမှတ်တမ်း (စကားပြင်)

၂၀၁၅ ခု ဇန္န၀ါရီလ (၁) ရက်နိ (ကသစ်ဗုဒ္ဓိနိ) (ကြသားပတီးနိ) တွင်ကျရောက်သည့် ရခိုင့်တော်လှန်ရေးနိအတွက် ဖတ်ကြားတင်သွင်းသည့်စာတမ်း
====================
ဒေးဝန်းအောင်ကျော်ရွှီ၏ကိုယ်တွိရခိုင်ပြည်သိမ်းတိုက်ပွဲမှတ်တမ်း
=======================================
အပိုဒ် (၁) (ပင်းဝါ၊ မြောက်ဦးသိမ်းတိုက်ပွဲ) မှသည် အပိုဒ် (၁၉) ရန်တပိုစာချုပ်ချုပ်သည်အထိ။ အပိုဒ် (၂၂) ရန်ကုန်ရောက်သည်အထိ။ (အစ/အဆုံး)
ဒေးဝန်းကြီး အောင်ကျော်ရွှီရတု
===================
နောက်သားနောင်လာ၊ နောက်ထပ်ပါရို့
ဆရာသုံးလက်၊ ရှိကံဖက်၍
အသက်ခန္ဓာ၊ လူရို့မှာကား
တခါတရံ၊ အဘိုးတန်၏ ---။
တရံတခါ၊ ဆိုတုံပါလည်း
သူသာလာလျှက်၊ ဖိနှိပ်စက်က
အသက်ထိုခါ၊ ဆုံးတတ်ရာ၏ ---။
ပြည်ရွာတိုင်းဖွား၊ မျိုးလေးပါးရို့
တရားလမ်းမှန်၊ ကျင့်ကြောင်းကြံလျှက်
အမှန်မုက္ချ၊ သက်စွန့်ကြလော့ ---။
ဓမ္မတာလမ်းမမှန်၊ ဆိုးကြောင်းကြံလျှက်
တန်စိုးကိုစား၊ လိမ်လှည့်ဖျားသော်
နောင်သားတဖန်၊ သည်းမခံနှင့် ---။
နိုင်ငံတကာ၊ ဟူရာရာ၌
ပညာနှင့်ညာဏ်၊ သင့်စွာဖန်၍
တာဝန်မပျက်၊ သစ္စာရွက်လျှက်
အသက်ကိုလှီး၊ သွီးချောင်းစီးမှ
အပြီးကြံ့ခိုင်၊ နိုင်ငံတိုင်းမြို့
အစို့စို့နှင့်၊ ကိုယ့်ရို့ရပ်စည်
ကိုယ့်တိုင်းပြည်ကို၊ ရမည်မုက္ချ
ဤလောကသည်
အောက်ကျမခံချင်သောကြောင့် ---။ ။
(ဒေးဝန်းကြီးအောင်ကျော်ရွှီ)

အပိုဒ် (၁)
ဇေယျန္တု။ ။ ဗုဒ္ဓသျှင်တော်မြတ်အားတိုင်တည်ပြီး လျှောက်တင်ပါသည်။ ရဟန်းသျှင်လူ ပြည်သူအများ ရွှီနားတည်လော့။ အနောက်ဖက်မဇ္ဈိမဒေသဟု အမည်ရသော အန္ဒိယတိုင်းပြည်ကြီးသည် ထက်နတ်ဘုံတမျှ သာယာစည်ကားလှပါ၏။ ဂင်္ဂါသီတာမြစ်ရီသည်လည်း အရပ်လေးမျက်နှာ၌ သာယာလှပစွာ စီးဆင်းလျှက်ဟိနီပါ၏။ ဘိလပ်မြို့ဟိ အင်္ဂလိပ်မင်းများအား တရာ့တပါးသော ထီးဆောင်းမင်းအပေါင်းရို့သည် ရိုသေဦးခိုက်လျှက် အခွန်ဘဏ္ဍာငွေ အဖူးလက်ဆောင်များ ဆက်သကတ်ရပါ၏၊ ကာလကတ္တားမြို့တော်တွင်လည်း ဗော်ရော်လာသတ်က အာဏာစက်ဖြင့် အုပ်ချုပ်လျှက်ဟိပါ၏။ အရှိတောင်ဖက်အရပ် စစ်တကောင်းမြို့တွင်လည်း ဝေါနော်သတ်သည် မြို့ဝန်အရာ ခန့်အပ်ခြင်းခံရပါ၏။ သက္ကရာဇ် တထောင်တရာသျှစ်ဆယ်နှစ်ခုနှစ် (၁၁၈၂) ခုနှစ်တွင် သာသာစကားတတ်ကျွမ်းသူ အကျွန်ုပ်အောင်ကျော်ရွှီမှာ စကားပြန်အဖြစ် တာဝန်ပီးအပ်ခြင်းခံရပြီး စစ်တကောင်းမြို့ဝန် ဝေါနော်သတ်ထံတွင် ကောင်းစွာအမှုထမ်းရပါသည်။ လစာငွေ တလနှစ်ဆယ်ရဟိပါသည်။ တိုင်းပြည်ကိစ္စအ၀၀ကို ဆောင်ရွက်ရပြီး လူအများ၏ကြည်ညိုလေးစားခြင်းကိုလည်း ခံရပါသည်။
အပိုဒ် (၂)
သက္ကရာဇ် တထောင်တရာ့သျှစ်ဆယ်ငါးခုနှစ် (၁၁၈၅) ခုတွင် သျှင်မဖြူ၊ကျွန်းတွင်တပ်ချထားသော အင်္ဂလိပ်စစ်သည်ရဲမက်များကို မြန်မာများက လုပ်ကြံသတ်ဖြတ် ရန်စရှာလာသည့်သတင်းကို လာသတ်မင်းကြီးကြားလီသောအခါ ကတ်တင်(Captain) ဘေးကာသတ်နှင့် ၀ီသတ်အား စစ်တကောင်းသို့ အပြင်းချီတက်ခိုင်း၏။ စစ်တကောင်းသို့ရောက်သောအခါ ရခိုင်မူးမတ်မျိုးနွယ် အကျွန်ုပ် သော်တလီအောင်ကျော်ရွှီသည် ဘာသာပြန်အဖြစ် ကာနယ်သုပိလုင်၊ ဗဲကာသတ်၊ ကတ်တင်(Captain) ၀ိသတ်ရို့နှင့်အတူလိုက်ပါလျှက် ဖလောင်းချိတ်မြို့သို့ ချီတက်လာရပါ၏၊ ဖလောင်းချိတ်တွင် လူအင်အားတထောင်ကျော်ကို စုဆောင်းလျှက် သျှင်မဖြူကျွန်း နတ်မြစ်ဝသို့ ချီတက်တပ်စွဲပါ၏၊ ယင်းတွင် အကျွန်ုပ်ရို့ တပ်အင်အားဖြင့် ခြင်္သေ့လားသို့ တသောသော အင်အားပြလျှက်နီသောအခါ မြန်မာများမှာ ကြောက်ရွံစွာ ပုန်းအောင်းနီကတ်ရပါ၏။ အင်္ဂလိပ်မင်းလည်း စစ်တကောင်းမြို့ဝန် ဝေါ်နော်သတ်ကိုခေါ်၍ ရာပသိန်သတ်အားဦးစီးခိုင်းပြီး မြန်မာများကိုနှိမ်နင်းရန် တပ်စေလွှတ်တော်မူ၏၊ မြန်မာအင်းဝဘုရင် သိမ်းပိုက်ထားသော တိုင်းပြည်များအား တိုက်ခိုက်သိမ်းပိုက်ရန် အာဏာချတော်မူ၏၊ ထို့ကြောင့် အကျွန်ုပ်ရို့သည် ရခိုင်ပြည်သို့ တပ်ချီတက်လာရပါ၏။
အပိုဒ် (၃)
ရခိုင်ပြည်သို့ ချီတက်လာသောအခါ ရာပသိမ်သတ်က မင်းအာဏာနှင့် ဇော်နေ(General) ခေါ်ဟရီသျှိန်ဗိုလ်ချုပ်ကြီးအား စစ်သည်ရဲမက်များကို ကောင်းစွာစုရုံးပြီး အမြောက်၊ ဗုံးစကြာ၊ မီးကျည်တန်းများကို၊ အလျှင်အမြန်စုဆောင်းလျှက် ငါ့နောက်တော်သို့လိုက်ရမည်ဟု အာဏာချတော်မူ၏၊ လေးပါးသောစစ်အင်္ဂါဖြင့် ကမ္ဘာမြီကြီးထိန့်ထိန့်တုန်မျှ စစ်ချီတက်လာလျှက် ရာပသိမ်သတ်သည် နတ်မြစ်မော်သျှင်မဖြူ၊ကျွန်းတွင် ချထားသောတပ်များအား ဗိုလ်ရှုခံတော်မူစဉ် မြန်မာတမန် နားခံမောင်လုံးလာလျှက် အသနာလီကဒီကုလားအား ဘာသာပြန်စီခိုင်းပြီး သည်တခါကို ကျွန်တော်တို့မိုက်ပါ၏ တပ်စောင့်ချထားသူများအား အသက်ချမ်းသာပီးပါ၊ တပ်တော်ကို နောက်ဆုတ်ပီးပါဟု ဆိုလာကျင်၏၊ သျှင်မဖြူကို အသျှင်တို့ပိုင်သည် မြန်မာများသည် ကျော်ကူး၍မလာပါတည်း။ အမှားခံလျှောက်ခြင်းရာကို ရာပသိမ်သတ်သည် အဟုတ်ထင်မှတ်ကာ တပ်တော်အလုံးကို နှုတ်သိမ်းယူ၍ ကောင်လောင်ဗိုလ်၊ သူပီလုင်၊ အစဟိသော ဗိုလ်အားလုံးသည် ပင်းဝါဖလောင်းချိတ်သို့ ဆိုက်ရောက်လာကတ်ကုန်၏၊ ကမ္ဘာမြီလုံးထိန့်မျှ စုရုံးပြီးနီစဉ်ခါ ရာပသိန်သတ်က အကျွန်ုပ်အား ရခိုင်စစ်သည်များကိုလည်း စုဆောင်းပီးရမည်ဟုဆိုလာသောကြောင့် ကတ်တင်(Captain) ပိန်းကော်သတ်နှင့်တိုင်ပင်၍ ရခိုင်စစ်သည် ငါးရာကျော်အား ယင်းတွင် ခန့်အပ်စုဆောင်းပီးရပါ၏၊၊ ကုလားဘာသာအားဖြင့် (စဖာအိပ်) ဟု ခေါ်ဆိုပါ၏၊ သေနတ်ခြင်းများကိုလည်း မကျန်ကြွင်းအောင် ပြသပီးရကာ ကတ်တင်(Captain) ပိန်းကောသတ်ဦးစီးလျှက် ပင်းဝါအရပ်တွင် တပ်ချနားနီရပါ၏
အပိုဒ် (၄)
ပင်းဝါအရပ်တွင် တပ်ချ၍နီစဉ်တွင် ရခိုင်ပြည်ဟိ အမည်နာမအားဖြင့် မောင်စံသာဟုခေါ်ဆိုသော မြန်မာအတွင်းဝန်၊ ငအောင်မာန်ခပါ အခွန်ဝန်နှင့် ရခိုင်မြို့ဝန် မြန်မာမောင်စံပျော်ရို့သည် နားခံတော်မောင်လုံးခေါ် စွန်းလွန်းဗိုလ်အား နားခံတပ်ထောက် ချထားလီသတည်း။ စာရွီးတော်င၀ိုက်ကေက မြန်မာတပ်များကို စုဆောင်းဦးစီးလျှက် ပင်းဝါအရပ်ကိုတိုက်သော် ငါတို့နိုင်ရပါအံ့၊ အရှိမှာ မြန်မာသျှင်ဘုရင် ကြားလီငြားသော် သူကောင်းပြုမည်ထင်၏။ ရှိနောက်အမြော်အမြင်မဟိဘဲ ထိုသို့တိုင်ပင်ပြောကြားပြီးနောက် မြန်မာသူယုတ်များသည် ဗိုလ်တပ်အင်အားနှင့် တပ်ချီလာကုန်၏။ ရခိုင်သားကျွန်းအုပ်ငပြီကြီးလည်း လောဘစိတ်ဝင်၍ အမ်းစားသားသာကျော်ဝေ ရွှီငွေင်္ဒဂါး ကျွဲနွားအများအပြားရမည်မှတ်၍ သုံးယောက်သား ချိတ်ချိတ်ရယ်ကာ ၀မ်းကြီးသာ၍ ကခုန်လျှက်ပေ မြန်မာအောက်သားနောက်သို့ ကပ်လျှက်လိုက်လတ်လီသတည်း။ မြန်မာတပ်များသည် ခိုးကြောင်ခိုးဝှက်ပုန်းလျှိုးလာလျှက် ဝေလာတောင်၌တပ်ချပြီး ရုတ္တနာအရပ်တွင် တပ်ဦးချထားသော တပ်စောင့် ကတ္တင် (Captain) လုလ္လင်သတ်အား အငိုက်ဝင်တိုက်၍ လူအင်အားမမျှသဖြင့် ညည့်သန်းခေါင်မှာ တပ်ဆုတ်လာရပြီး ပင်းဝါအရပ်တွင် တပ်ချထားသော ပိန်းကောသတ်ဦးစီးသောတပ်နှင့်ပူးပေါင်းပြီး နီရပါ၏၊ မြန်မာတပ်များသည်လည်း ကတ်တင် (Captain) ပိန်းကောသတ်တပ်တပ်ဟိရာအရပ်သို့ ချီတက်တိုက်ခိုက်လာပြန်၏၊ တွိဟိရာရာကို ဖွီရှာဖမ်းဆီးသတ်ဖြတ်မီးလောင်တိုက်သွင်းလျှက် ကုန်အောင်ညက်ညက်မွှီကုန်၏။ ပင်းဝါမြီရာဇာဖက်အရပ်တွင် တပ်မစွဲလုပ်လျှက် တပ်ချနီကုန်၏၊ ထို့ကြောင့် ဟာလဘင်း ပင်းဝါ၊ စုက္ကရာနှင့် နတ်မော်အရပ်မြီ၌ ဟိဟိသမျှသော သျှင်လူအများ၊ ချင်းနှင့် ကယင်၊ မြုံလျှင် ဒိုင်းနက် နှမ်းစိသားမရွီး၊ လင်းကဲပေါင်းစုံ သက်မူသျှမ်းစုစသည့် တောင်မြို၊ ကုလား၊ မရမာ အကုန်ပြီး၍လာရပါ၏၊ ကိုယ်စီသားမယားနှင့် တသောသောလာလတ်ရာ အင်္ဂလိပ်ဖလောင်းမင်းဟိရာ စစ်တကောင်းအရပ်သို့ရောက်မှ ချမ်းသာရကုန်၏၊ ထိုသို့ ထွက်ပြီးလာလတ်ပြီး တဲအုံချ၍ ဆိုင်းရပ်နီသောအခါ ၀န်တင်ကျွဲနှင့် တိုက်ကျွဲများလိုအပ်သဖြင့် စုဆောင်းရှာဖွီလျှက် လိုအပ်သည့် ၀န်ဆန်ပစ္စည်းများကို ထောက်ပံ့ကူညီပီးရပါ၏၊ စံရှီဖွေကျွန်းအုပ်ကား ကျီစိုးအရာစား၍ ငှဝီပီးလျှက် ၀န်တင်လှည်းများကို အုပ်ချုပ်စီရင်ရ၏။ ထို့ကြောင့် အင်္ဂလိပ်ဗိုလ်ချုပ် မာရသျှိန်က အကျွန်ုပ်နှင့် အကျွန်ုပ်၏ဇနီးသားမယားအား မိမိရင်၌မွီးသော သားသမီးရင်းချာမခြား ချစ်ကြင်မြတ်နိုးလျှက် လွန်စွာကြေနပ်အားရဖြစ်လီသည်တည်း။
(ပီအဆက်ပြတ်)
အပိုဒ် (၅)
ရှိဘုန်းကံကြမ္မာကြောင့် ခုနှစ်ဆက်သည် ကောင်းမှုဟိလီဖူး၍ ရာပသိန်သတ်က ငါ့ဆီရောက်စီသောဝ်ဟု ခေါ်ယူငြားလီသောခါ အကျွန်ုပ်မှာ လွန်စွာ အားရ၀မ်းသာဖြစ်ရပါသည်။ ကုမ္ပဏီရီးကိစ္စအ၀၀ကို မှန်စွာဆောင်ရွက်ပီးပါ ရခိုင်ပြည်ကိုပြန်ရလျှင် စိတ်ဟိရာရာ လိုသမျှအကုန် ငါမစ၍၊ သူကောင်းပြုခမည်ဟု ကတိက၀တ်ပြုသဖြင့် အကျွန်ုပ်မှာ လွန်ဝမ်းသာလျှက် နောက်နောင်အကျိုးကို မျှော်ထောက်ထား၍ အခမေးနာ ငွေတပြားတချပ်မျှမယူပါဘဲ လိုသရိကို ထမ်းပိုးရွက်ဆောင်၍၊ အရှိရန်ကုန်သို့ ငါးရာလူကို အလျှင်အမြန်လွှတ်ချင်သည်ဆိုသောကြောင့် ကောင်းရာလူကို လွယ်ကူရွီးချယ်ပါလျှက် ငါးရာရခိုင်သားအား အကျွန်ုပ်သည် ယင်းခါစုဆောင်းပီးတုံငြားက လှီသင်္ဘောနှစ်စင်းမှာ တင်ယူဆောင်လျှက် လျှင်အောင်အရောက်လားလီပါ၏။ လမ်းထွင်သား ရခိုင်သားလူငါးရာအား ဖောင်သာရှီကို အကြီးခန့်၍ ဣသျှိကာကာတင်သတ် ဣရာဇီအား လက်တည့်အပ်နှံကာ ရခိုင်သားအပါအ၀င် ဘေးကပ်ငါးထောင်ကျော်နှင့် သူရဲတော်များစီးနင်းရန် လှီများအားလုံးကို စုဆောင်းရှာဖွီပီးရပါသည်။ ရခိုင်ပြည်လားဖူးသူ ကုန်းကြောင်းလမ်းနှင့်၊ ရီကြောင်းလမ်းနှစ်ပါးစုံကို ပြနိုင်သူရှာပီးရမည်ဆို၍ လမ်းသိထွန်းပေါ်ဝေ၊ ဖသက်နှံနှင့်၊ ချီခံသတိုးဝေကို ခေါ်ယူပြီးခါ ကတ်တင် (Captain) ဒေါင်ရောင်မော်သတ်လက်တွင်း အပ်နှံပီးရပါ၏။ မကြာစုံစီ စစ်သည်ဗိုလ်ခြီသူရဲ သိန်းသန်းကုဋီကို ယင်းခါစုဆောင်းမိက သျှင်မင်းကြီးမှာ လွန်စွာဝမ်းသာအားရ ဖြစ်လီသည်တည်း။ အလျှင်အမြန်ချီတက်ရန် သျှင်မင်းမြတ်က ရောင်ဇနောင်ကို ယင်းတွင်အာဏာချ၍ စစ်သည်သူရဲ လှီသင်္ဘောအပြည့် ပြောင်းကြီးဇ၀ါ ဗုံးစက္ကြာများကို ယင်းမှာတင်ဆောင်ယူ၍ ကုန်းကြောင်းတစချီလားလျှက် ရထားမြင်းဆင် လှည်းငင် ၀န်တိုက်နွားနှင့် ရဲမက်များအထောင်အသောင်းကို ရခိုင်ဗိုလ်ဒေးသျှိန်သတ်သည် တပ်ဦးချီ၍
တပ်နောက်ဝယ် ဟိန္ဒုတ်စပါအိတ်စစ်သားများ၊ မောင်းဂွတ်မြင်းစီးစစ်သားများက မီးကျည်တန်ခေါ် သေနပ်နှင့် လှဲကမံလက်နက်များကိုဆောင်ယူ၍ ကြီးစည်ခရာဗောတီးမှုတ်လျှက် သောင်းဇမ္ဗူတခွင် ထိန့်ဆူကျော်နှံ့ကြားမျှ တသောသော စစ်ချီတက်လာလတ်သောအခါ ရာပသိန်သတ်မင်းမြတ်၏နောက်တော်ဝယ် အကျွန်ုပ်ကပ်၍ပါလျှက် ဆံတမြွှာမယွင်းခွတည်း။ ဖွဲ့ဒါကြီး၊ အသောင်းအဒူလာနှင့် အဟောဒါမာတဒိန်၊ စီရင်ထွေ တိုးအောင်ကြွယ်သည်လည်း နောက်တွင် ကပ်လျှက်ပါ၏၊၊ ဒါးပိုင်ကြီးအမတ်တော်၏သားကြီးအမ်းစားသားလည်း နောက်ဝယ်ပါ၏ တိမ်ကြားဗိုလ်နှင့် မာလုံသတ်သည် ရီကြောင်းချီလျှက် စစ်တကောင်းမြစ်ကိုကူးပြီးဆန်တက်လီသော် လက်ဝဲနား ဘောင်းဒွတ်တောင်ကိုကျော်လွန်ပြီး လက်ယာနား ပြင်သာကြီး ဖောက်ကျီဈီးကို လွန်၍လားလီပါလျှက် ကန်ရှည်၊ ဆိုက်မနား၊ ဟာလဘင်း၊ စုက္ကရာရွာများကို ကျော်၍လားသော် ရီကင်းနား၊ ဆည်ကြီးရွာ ပတ္တလီကို ထိုခါဆိုက်ရောက်ပါ၍ ပင်းဝါရွာမရောက်ခင်၊ ရခိုင်ဝန် မြန်မာမောင်စံပျော်သည် ယင်းခါ ကြားလီကျင်၍ သားတော်င၀ိုက်ကေလည်း ငါရို့အသက်သည် ခုပင်သီရတော့မည်ဟု ဖက်ယင်းငိုကတ်လီသောခါ မြန်မာအတွင်းဝန်သည်လည်း ကြောက်ကြီးသံဖက်ဝင်လျှက် မိုးဦးကျဖားမြည်သကဲ့သို့ တသောသောငိုလျှက်ပေ မြန်မာတပ်လုံးသားသည် ယင်းတွင် ထွက်ပြီးလားလီပါက ဘုန်းကံအကြောင်းကြောင့် တစစ်အောင်လီသည်တည်း။
အပိုဒ် (၆)
ဆက်၍မတန့်မနား ချီတက်လားလီပါသော် ဖလောင်းချိတ်မှာ ရောက်တုံပါ၍ တောင်ကြောင်းမျှောင်လားလီသောအခါ ရဲစုချောင်းကို ကျော်လွန်မြောက်၍ လက်ဝဲဖက်တွင် ပန်းမော်အရပ် သင်းပေါင်းချောင်းအရပ်များကို လွန်ခပါလျှက် မြင်းမျက်နှာတောင်အနား လားလီပါသော် နတ်မော်သို့ဆိုက်ရောက်၍ ရဲမက်ဗိုလ်ပါအားလုံး ညောင်းညာဖြီလျှက် မောင်တောတပ်တွင် ဆိုင်းငံ့နီကတ်ရပါသည်။ မောင်တောတပ်မှာ ဆိုက်ရောက်သောအခါ မြို့စာရွီးဥာဏက လက်ဝဲဖက်တပ်ကို ဖြိုကာထွက်၍ပြီးလျှက် ကြောက်ဝှန်ကြီးတုန်လှုပ်ကာ မြန်မာများသည် လျှို့ဝှက်နီလီပါ၏၊ ယင်းသောခါ အကျွန်ုရို့သည် အနောက်ငယ်ကို လက်ဝယ်သိမ်းယူကျင်၍ အစလျှင်ပဌမ နှောင်းဖော်ရွှီကို ကျွန်းအုပ်ခန့်ပီးခလျှက် ချီတက်လာလတ်သောအခါ အလယ်သညာသို့ ရောက်လီပါ၏။ ယင်းတွင်မရပ်နား ကျောက်ပန်းစွယ်ကို လက်ယာပါယ်ယှောင်ထားလျှက် တသောသောချီသောအခါ ပြည်ရွာထိပ်မှတ် မယူနတ်ကြီးမော်သို့ ဆိုက်ရောက်ခါတုံပြီးမှ များဗိုလ်ပါသည် ယင်းတွင်တပ်ကြီးချ၍ တန့်ရပ်နီလီသောခါ မိမ္မသားသူငယ်များသည် ဥပမာမူ သားလင်ရောက်လာငြားသို့ လွန်စွာပျော်ပါးဝမ်းကြီးသာ၍ အဖူးလက်ဆောင် များမြောင်ပို့ဆက်လာကတ်ပါ၏၊ ဆက်၍ချီတက်လားလီပါသော် ဦးရာဇ်တောင်သျှင်ပင်ဓါတ်သို့ရောက်၍ အထွတ်ဖျားစေတီမှာ တင်းခွန်ကုက္ကား မုလေးပွားကို လျှင်ငြားပူဇော်ပါလျှက် လားလီကတုံခါပေ ကုလားပုံးကို လက်ဝဲထားခသည်တည့်။ ဆင်ခံဝယ်ဆိုက်ရောက်က ယင်းတွင်တပ်ဦးချလျှက် ကုလားအဟောဒါ မာတဒိန်ကို စာနှင်စီလွှတ်ပါ၏၊ ချောင်းဖလာတပ်ထဲဝယ် မြန်မာများကို အလျှင်ထွက်လာစီဟု တမန်လွှတ်လျှက် ခေါ်ပတ်ပြောတုံသော်လည်း ထွက်မလာသဖြင့် နင်ရို့များသည် ကျင်းကျင်းအကုန်စွာကို ရဲမက်တော်ဂူရာက ခုပင်သတ်ဖြတ်မည်ဟု အကယ်တည့်တည့်ပြော၏၊ ခုလျှင်လျားတုတ်နှောင်မည်ဆိုတုံသော်လည်း နားမလည်သော မြန်မာစာရွီးကြီးင၀ိုက်ကေနှင့် နားခံမောင်လုံးစသောသူများသည် ကောင်းမည်ထင်ပျာ အမှားမှားအယွင်းယွင်း ကြွက်ဟန်ပမာ ယင်းတွင်တွင်းတူးလျှက် နီလီပါ၏၊ ထိုအခါ သျှင်မင်းကြီးမှာ မာန်ကြီးပါ၍ ဂေါ်မီတော်မော်သတ်နှင့် မောဇော်ကတ်တင်၊ သောက်သတ်လျင်အား ခုပင်ချီလားလီဟု အာဏာချသောအခါဝယ် ရီဗိုလ်ချုပ်သည် လျှင်စောချီတက်လီ၍ တိုက်လီပြီးတုံသောခါ မြန်မာများသည် ပြီးငြားမလွတ်ပါတည်း။ နားခံတော်မောင်လုံးမှာ လက်ဝါးပေါက်လျှက် ပုန်းရှောက်ထွက်ပြီးကာ င၀ိုက်ကေစာရွီးစသော မြန်မာများသည်လည်း ကြောက်ကြီးသံဖက်ဝင်၍ အငတ်မှုမစစ်သာဘဲ လင်းကဲအသွင် တောထဲဝင်၍ ထွက်ပြီးလားလီပါသော် ချောင်းဖလာတပ်ကြီးကို ဘုန်းတော်အားနှင့် ကောင်းစွာအနိုင်ရလီသည်တည်း။
အပိုဒ် (၇)
ထိုသို့ တိုက်ပွဲသတင်းကို အုန်းတပင်တပ်မမှ မြန်မာမိုးကောင်းဗိုလ်နှင့် ငချေးကြားလီပါက တပ်လုံးသူသည်၊ ဆောင်းတွင်ချုပ်ထားငါးသို့ ကြောက်ဝှန်ကြီး၍ ထွက်ပြီးလီပါ၏။ ထိုအခါ ဆက်ချီတက်လျှက် ကျွဲခြံတောင်မှာ လျှင်စွာဆိုက်ရောက်ကျင်က ရခိုင်ပြည်ဝယ်ဟိသည့်လူအများကို စုလုံးခေါ်ကျင်၍ သလွန်တောင်ကို စီရင်အုပ်ထိန်းပြီး ကျွန်းအုပ်ငရှောက်ဖွေအား တောင်ဖက်ကျွန်းကို ထိမ်းသိမ်းစီရင်စီ၏၊ ကျွန်းအုပ်ဖော်ရှီသည်လည်း ၀မ်းကြီးသာ၍ လျှင်စွာရောက်လာသည်တည်း။ မူဇဲကျွန်းအုပ် ငကြောင်ပြိန်းတောလည်း လျှင်စောပေါက်ချလာလျှက် စစ်တွေမှာကောင်းစံရွှီ၊ တောင်ရင်းကျွန်းတွင် ပေါ်ထွန်းဝီနှင့် ပြချေအား ၀င်းကျွန်း၊ အသက်နှံအား ပြားကျွန်းစားစီ၏၊ ကျိန်းရှိနောက်မှ ကျွန်းအုပ်မောင်သာကြံနှင့် ပြည်လုံးသားသည် သောသောရုရုဆာ၍ ဆိုက်ရောက်လာလတ်တုံပြီး လိုလိုသမျှသော ကျွဲနွား၊ ဆန်ရီစပါး၊ ဆီပျားထောပတ်များကို လက်ဆောင်ယူလာပီးကတ်ပါ၏၊ ချီတက်ရာတသောသော ပါးတော်တောင်မှာ လျှင်စွာဆိုက်ရောက်ငြားက ရခိုင်သားစဖာအိပ်၊ တပ်မင်းမြဖော်၊ သုဗတာနှင့်၊ ဂူရာနှစ်ပါးသည် မြန်မာများအားဖိလျှက်တိုက်သတ်ပြီး မြန်မာများထွက်ပြီးသည်ကို တောင်ထိပ်ဖျားက ကြင်းကြင်းမြင်ရပါ၏၊ မြန်မာပုခန်းဗိုလ်နေမျိုးသူရိန်နှင့် မက္ကရာမြို့သူကြီးသည် မျက်စိပြောင်းပြန် ထိပ်ဆံအသက်လုလျှက် ဟစ်ကြော်ကျွီးမြည်၍သာ စိုက်စိုက်မတ်မတ်တန်းလျှက် ကိုယ့်ရွာရောက်အောင် ပြီးရလီပါသည်တည်း။
အပိုဒ် (ဂ)
.
မြန်မာပုခန်းဗိုလ်နေမျိုးသူရိန်နှင့် မက္ကရာမြို့သူကြီးရို့ ကိုယ့်ပြည်ရောက်အောင် ထွက်ပြီးလားလီပါသော် ဆက်၍ချီတက်လိုက်လီပါက ဇီးဇာပြင်မှာ လျှင်စွာဆိုက်ရောက်တုံပြီး တဖက်ကမ်းမှာ မဟာထီး၊ ငါးရကောက်၊ ချောင်းနားမော်အရပ်တွင် တပ်စွဲထားသော မြန်မာတပ်များကို အထင်းသားမြင်ရပါ၏။ ထိုအခါ ဗိုလ်ချုပ်မင်းလည်း လျှင်ပြင်းချီလားလီပါ၍ သူရဲတော်ဂူရာများ၊ တောင်းလောင်ကျီကို အညီစိုင်သင့်ထားလျှက် လက်ယာဖက်တွင် မြင်းစီးသား၊ လက်ဝဲဖက်တွင် ဟိန္ဒုတ်သာနီကုလားတပ်နှင့် တပ်တော်ဦးက ရခိုင်စစ်သားများ ကြီးစည်ဗောမှုတ် သံဝါခြိမ်းမောင်းငြာလျှက် ချီလားတိုက်ကတ်လီသောအခါ မဟာထီးမှာ တပ်စွဲထားသော မြန်မာတပ်များအကုန်စွာမှာ ပျက်ပြိုလီသောကြောင့် မြန်မာဇေတဗိုလ်သည်လည်း ကြံရာမရဖြစ်ကာ ပုခန်းဗိုလ်ဦးစီးသောမြန်မာတပ်များသည်လည်း ကျားကိုမြင်သော် သမင်မြိုင်ချောင်တောက ကြောက်ဝှန်ကြီးစွာ ထွက်ပြီးလားသို့ အသီးသီးထွက်ပြီးလားကတ်လီကုန်ပါ၏၊ မြန်မာများသည် တောတောင်ဦးဖျား ပြီးငြားပုန်းယှောင်လားလီပါက ဆက်ချီတက်ခါ ပေါင်းတုတ်ပြင်မှာ ရောက်တုံပါလျှက် ဆိုင်းရပ်ပြီးနီသောခါ ပြည်သူများသည် တပ်တော်တာအား ထိုခါ ၀ိုင်းအုံကြည့်ရှုလာကတ်ပါ၏ မြို့အနားတောင်ရိုးတလျှောက် မြန်မာများသည် မဲမဲပြုတ်ပြုတ်ဆာလျှက် ကွန်းစီးပေါင်းဝက မြန်မာဝန်မောင်စံပျော်၊ နားခံငကျက်ကေ၊ စာရွီးတော်င၀ိုက်ကေ မက္ကရာမြို့သူကြီးသည် ကြီးကြပ်အုပ်ပြုပါ၍ ပန်းတလေ၀န်ဟောင်း ပေါင်းကာစု၍ တောင်ထိပ်ထက်တွင် သောသောရုရုဆာလျှက် မြီကတုတ်ထဲဝင်ပုန်းကာ ပေါင်တံလက်တံ အသားမဲမဲ သွားကြဲကြဲ ခေါင်းစုတ်ချွန်းနှင့် တောမျောက်အသွင်ဟိနီလီကုန်ပါ၏၊ မြန်မာစာရွီးကြီးင၀ိုက်ကေလည်း ထိုခါ လက်ခုပ်ဖောင်ဖောင်တီးလျှက် ခွတ်သတ်မည့်ဟန်အယောင်၊ ပုဏ္ဏားတောင်ထိပ်တွင် ညာဏအောက်သားသော်ကား တပ်နှင့်စီး၍ပေ လီသာတောင်ခံတပ်တွင် မြန်မာမြို့အုပ် ဗိုလ်လုပ်လျှက် မောင်ဗျဲမြန်မာ၊ ငပွင့်တပ်အားလုံးသူသည် ကခုန်ကာတသောသော ဟန်ဆောင်တကားကားနှင့် မြန်မာအတွင်းဝန်ကား ဗိုလ်ချုပ်လုပ်လျှက် ငမောင်စသည် နောက်ကပုန်းနီပါ၏၊ ကြောက်ခြင်းဟန်ပြင်မထုတ်ဘဲ ထိုခါဥပါယ်ပြုလျှက် ၀သဲဖက်တွင် ပုန်းအောင်းလျှက်ဟိလီပါ၏၊ မုတ်ဆိတ်ရှည်ငကျော်ဇံက မျက်နှာလိုခံ၍ ပြည်လုံးသားကို မွှီလျှက်ဂုံးတိုက်သည်ကား ရခိုင်သားကိုသတ်ရမည် တိုးတိုးချပ်ချပ်ဆိုလျှက် မြို့တွင်းထဲပြီးဝင်၍ ပုန်းအောင်းလျှက် ဟိနီလီပါသည်တည်း။
အပိုဒ် (၉)
ယင်းသောခါ ရာပသိန်သတ်က တောင်ထိပ်ဟိ မြန်မာတပ်များကို ခဏချင်းနှင့် လျှင်စောတိုက်ကတ်ဆိုလျက် အာဏာပီးလီသောအခါ ဇော်နော် (General) မာရိသျှိန်သည် ခြိမ်းမဲတိုက်မောင်းကြော်၍ ရဲမက်တော်ကို စိုင်ကာအသင့်ချလျှက် ပြည်ရွာထိန့်လန့်ချောက်မျှ ပုလီစောင်းညှင်း ကြီးနင်းစည်ပုတ်ကေနှင့် ခရာ၊ နှဲ၊ သံကောက်၊ စည်ကြီးတီးကာ ဗောမှုတ်ကာဖြင့် တယောက်တစစီ အောက်သားတပ်ကို နင်း၍တိုက်သတ်လီ၏။ လက်နက်ဗုံးစက္ကြာအား တချက်ပစ်သော် ထွတ်ဖျားထက်အာဏာသို့ တက်လီပါတုံပြီးမှ အာကာမိုးပေါက်ကျသို့ ကျလတ်ပါသော် ဆင်မြင်းကစ အားလုံးမြန်မာမှန်သရိကို သီကြီပျောက်ဆုံးစီ၏၊ မီးကျည်တန်းခေါ် အမှန်ထိုလက်နက်ကို တချက်ပစ်လွှတ်သောခါ တိမ်ကိုခွဲ၍ ၀ဲလျှက်တက်လီပါ၏။ ထက်အာကာမှ မိုးကြိုးသံသို့ ကျလာတုံပြီး မွှီလျှက်သတ်ခြင်းဟန်ကား ချောက်မြောင်တောင်ကြား ပုန်းလျှိုးနီငြား အားလုံးမြန်မာ ပြီးလားမလွတ်ပါတည်း။ သုံးရက်ဝီ၀ီဝင်းဝင်း တောတောင်မြီလုံးလင်းမျှ တိုက်ရပါသည်။ တိုင်ပင်ငြားတနည်းမှာ လီသာတောင်ကို ဦးအောင်နင်းကတ်ပါဟု အာဏာချလတ်ခါတုံပေက ဇော်နော် (General) ဇီရီသတ်သည် လွတ်လွတ်ချီလျှင်းပါလျှက် တပ်ရှိဦးက ဂူရာသည် တောင်လောင်ကျီလည်း ယင်းခါနောက်ထပ်ကပ်၍ ညည့်တလပ်သန်းခေါင်တွင် လီသာတောင်ကို လျှင်အောင်တက်တိုက်ကျင်က မျက်တောင်ပင်မခတ်မှီ မြန်မာမြို့အုပ်ငမောင်ဗျေသည် လွယ်လွယ်ပြီးလားလီ၏။ ပုဏ္ဏားဆီတောင်ထိပ်မှာ ညာဏအောက်သားသော်ကား ကြောက်ဝှန်တုန်လှုပ်ပြီး အိမ်မှာသားမယားကို စောင်းလှည့်မကြည့်ငြားဘဲ ကိုယ့်အသက်ကို လွတ်ကြောင်းပြီးလီကျင်၏။ ကွန်းစီးပေါင်းဝမှာ တပ်ချထားသော မြန်မာများသည်လည်း သောသောရုရုဆာလျှက် ပြီးလီခါတုံကပေ မြန်မာမောင်စံပျော်နှင့် နားခံငကျက်ကေ င၀ိုက်ကေ၊ မောင်ရဲ လေးယောက်စုံသည် ပူးတုံဖက်လျှက် ငိုကြရာတသျှုတ်သျှုတ် ကြက်သီးဝှန်သည် လိပ်ပြာထွက်လုတ်လုတ်တည်း။ ဆစ္ဆီစုတ်မျောက်ရီငန် သူငယ်သားကို ဖမ်းစားဟန်သို့ မျက်ဆန်ခပြူးပြူး ဆံပင်ဖားရား ၀မ်းဖားဖားနှင့်၊ ခြီကိုကားရားပြုလျှက် ဖားပြုတ်အသွင် မြန်မာအောက်သားများ ပြီးငြားလားလီကျင်သည် ငွေတောင်ပေါက်ဝကလေး။
အပိုဒ် (၁၀)
ငွေတောင်ပေါက်က ပြီးလားပါသည်ယင်းခါတွင် မြန်မာင၀န်မင်းလည်း သဲဖျားကြက်သီးဝှမ်၍ ကြံရှာမရ ဘီလူးမတန်းခါးဝမှ ပြီးလားလီပါသည်တည်း။ ပန်းဈီးမြောင်းကိုကျော်လွန်မြောက်၍ မိုးကြိုးဂျိုင်ကို စိုင်ကာလားလီပါလျှက် ၀က်ချောင်းကို လွန်၍တက်လီပါသော် ချင်းရွာတောင်ခြီနား ပုန်းလျှိုးကုတ်ရှုတ်ကာ မြန်မာအတွင်းဝန်သည် ဧကန်အမှန်ပြီးလီပါက တသောသောရှာသောအခါ ဂျီဒရယ်သည် ဆတ်ငယ်ကိုယ်အလားသို့ လမ်းစပ်ကြားခြုံထဲမှာ မြန်မာမြို့သူကြီးကို အလျှင်ဖမ်းမိပါ၏၊ သက္ကရာဇ်မှာ တထောင်ဖြစ် တရာ့သျှစ်ဆယ် စွန်းဝယ်ခုနှစ် (၁၁၈၇) ခုနှစ် တန်းခူးလဆန်းဆယ့်လေး (၁၄) ရက် သောက်ကြာနိ တပိုဝ်ကျော်နီထွက်တွင် ရန်ခပ်သိမ်းကို ပျောက်ငြိမ်းအောင်မြင်ပေက ဓည၀တီ ရခိုင်ပြည်ကြီးတွင်၌ ပုရိန်ပြင်အထဲမှာ မြသွင်နတ်ကို ပသပူဇော်ပါလျှက် ကောင်းသည့်ခါနိရက်ဝယ် ရဲမက်ဗိုလ်ပါ လူတကာကို ယင်းမှာစုရုံးစီ၍ ရခိုင်ပြည်မြို့ထဲမှာ ဘာသာလျှောက် ပြောင်းမီးပေါက်ကို ပစ်မြှောက်ပူဇော်ပါလျှက် မြန်မာပိုင်ကာလ မြန်မာဘုရင်နန်းသက်ဖော်၍ မြန်မာတိုက်ဝန်တည်ထားခသော ရွှီဂူမစေတီကို ဖြိုဖျက်ကာပစ်လျှက်ပေ ယင်းတောင်ထိပ်မှာ အိမ်ကြီးဆောက်လုပ်စီ၏၊ သိုက်ထွက်စာကိုလိုက်၍ မြန်မာများသည် ငရို့ပြည်သျှင်မင်းကြီး ကောလိယမင်းတည်လုပ်ပါသည့် သျှင်တော်မဟာထီးကို ချိုးဖဲ့လွှင့်ပစ်ကာ စောမွန်တည်ပြု၊ မင်းဗာလုပ်သည့် တံတိုင်းမြို့ဝင်းတော်ကိုလည်း ဖြိုဖျက်ပစ်လီသည်တည်း။၊ နောင်ခါဝယ်တုံပြီးမှ အကျွန်ုပ်အား ယင်းတွင်အာဏာချလျှက် ဂူရာနှင့်မြင်းစီးစစ်သည်စဖာအိတ်များနီဖို့ လိုင်းအိမ်တော်ကို ဆောက်လုပ်ကာပီးရမည် တောင်းလတ်ပါသော် လွတ်လပ်ခန့်ခွဲပေလျှက် ၀ါးသက်ကယ်ကြိမ်သစ်ပင် ဗဲကပ်သားနှင့် လျှင်စောဆောက်လုပ်ကျင်၏။ ရာထောင်မကသော အိမ်များကို ဆောက်လုပ်ပီးရပါ၏။ ယင်းခါတဌာန ရာပသိန်သတ်က ရမ်းပြည့်မြို့နှင့် သံတွဲမာန်အောင်၌ဟိနီသည့်အောက်သားများကို ဇော်နေ (General) မယ်ကာရီသတ်အား လွတ်လပ်တိုက်ခီဆိုက ကတ်တင် (Captain) ဗိုလ်မေဇော်သတ်သည် မြစ်မှာစင်းချင်းစပ်မျှ သင်္ဘောစီးကာ လွတ်လပ်ချီလားပါသော် မာန်အောင်မြို့မှာ လျှင်စောရောက်လီ၏တည်းလေး။
(ပင်းဝါ၊ မြောက်ဦးသိမ်းတိုက်ပွဲ ဤတွင်ပြီး၏)
အပိုဒ် (၁၁)
မာန်အောင်မြို့ကို လျှင်စောရောက်လီကျင်က မြန်မာများနှင့်တိုက်ပြန်လီသောအခါ မြန်မာဝန်ရဲစက်ကေသည် ကြောက်ဝှန်ငြားမကြံသာ ကိုယ့်မယားကို လက်ဖျားဆွှဲကိုင်ကျင်လျှက် များတကာဖော်မရ နှစ်ယောက်တည်းပင် တောထဲဝင်၍ ခြုံတွင်ပုန်းလျှိုးနီလျှက် တခဏနီသောခါ ဇော်နော် (General) မက်ကာရီသတ်သည် ၀န်းပတ်ထားလျှင်းပါ၍ ဖမ်းဆီးကာယူ၍ပေ နှစ်ယောက်စုံကို လွယ်ကူရလီသည်တည်း။ သင်္ဘောတွင်ဆောင်ပြီးခါ ကုလီကတ္တာမြို့သို့ လျှင်စွာပို့လီပါ၏၊ ရမ်းပြည့်ဝန်မောင်ယံလည်း အကယ်ကြားလီတုံက မောင်ဗျဲအခွန်ဝန်နှင့် နှစ်ယောက်သားတိုင်ပင်၍ ငါတို့အားလုံးသူသည် အသတ်ခံရတော့မည်။ သူရို့မရောက်ခင် မြို့ကိုလွှတ်ကျင်လျှက် ထွက်၍ပြီးကြပါအံ့။ ပြောတိုင်ပင်ပြုပြီးခါ မြန်မာများသည် လျှင်စောထွက်လားပြီးလီပါ၏၊ သံတွဲမှာတဌာန မြန်မာမြို့သူကြီးငပန်းစံကို လျှင်မြန်ခွတ်ထစ်သတ်ပစ်ပါ၏။ မြို့ဝန်ရွှေမန်းစသော မြန်မာများသည်လည်း သောသောရုရုဆာလျှက် တောင်ရိုးစီး၍ ပြီးငြားလားလီပါသည် အရှိနိုင်ငံပြည်သို့တည်းလေး။ ဖမ်းဆီးဖွေရှာမရ သုံးမြို့စုံကို လက်ဝယ်သိမ်းရုံးရ၏။ ပိုးလောက်မျှတကောင်ပင် မြန်မာများကို ငေါက်ငေါက်ထောင်၍မမြင်ပါတည်း။ ရခိုင်ပြည်မြို့ကြီးမှာ ရာပသိမ်သတ်က ငါရို့ပြည်ရွာ ကျွန်းများစွာဝယ် တန်သည့်သူကို အရာခန့်အပ်မည်ဟု ပြောဆိုလီတုံသောခါ အသီးသီးသော ကိုင်းချောင်းကျွန်းများစွာကို ကျွန်းအုပ်ချောင်းစားခန့်၍ ပရန၀ါ ထိုခါပီးဆင့်ခတ်နှိပ်ပါ၏။ နောက်တထပ်အမိန့်တော်ချမှတ်တော်မူသည်ကား ငါ့ထံမှာမြဲခစား အကျိုးတော်ကို ပြီးအောင်ဆောင်ရွက်ငြား၍ သော်တလီအောင်ကျော်ရွှီအား ပီကျွန်းနှင့်ယိုးကျွန်း ဦးရစ်တောင်လည်း ယင်းတွင်ပါစီ၊ ပီချောင်း၊ လေးမြို့၊ ယိုးချောင်းနယ်လည်း ထိုခါထည့်လိုက်ပါ၍ အကျွန်ုပ်အား ကျွန်းအုပ်အရာခန့်လျှက် သားစိုင်မြီးဆက် မပျက်စားလီစီတည်းဆိုပေသောအခါ ဖွဲ့ဒါးကြီးသည် ငါးရွက်စာကို ပရန၀ါဆတ်ကြီးခတ်၍ လျှင်စောပီးလာသည်တည်း။ အကျွန်ုပ်လည်း ကျွန်းချောင်းဖျားကို သိမ်းငြားပြုစုပါ၍ သင့်ရာရာအားလုံးကို ကိုယ့်မှာသားရင်းပမာသို့ ချမ်းငြိမ်းသာယာမစပါ၏။ ရှိပြုကုသိုလ်ကံအကျိုးကြောင့် မိဘရပ်မြီရခိုင်ပြည်မှာ လွယ်လွယ်ရောက်လာပြန်၍ မွီးမိခင် နို့သျှင်ချွေးမများနှင့် မခြားဆံတမျှင် တရက်မကွာချင်ဘဲ စံပျော်ပါးတသောသော နွှဲပျော်ရွှင်နီရပါသည် ရှိသံသာ ကြမ္မာဘုန်းအကြောင်းကြောင့်တည်းလေး။
အပိုဒ် (၁၂)
ဘုန်းကြောင်းဧကန် နီရပြန်သည်ယင်းသောအခါ ရာပသိန်သတ်က ရခိုင်ပြည်တွင် ဇင်ပတ္တင်ကို မြို့ဝန်ခန့်အပ်မည်တည်း။ ရမ်းပြည့်ဝယ်ငါလားခါ ဖွဲ့ဒါကြီးလည်း မပြတ်နောက်တော်မှာ၌ ချီလားရာပါရမည်။ အောင်ကျော်ရွှီသော်တလီလည်း ငါ့ဆီလိုက်ရမည်ဟု ပြောဆိုလီသောအခါ ပတ္တင်သတ်ကို မြို့တွင်ထားလတ်ပါ၍ မိုးပွဲသော်နောင်အခါ စစ်တွေကျွန်းကို မြို့ကြီးတည်လုပ်ပေဟု ပြောပြီးနောက်မှ သင်္ဘောလှီတွင် ၀န်ဆန်ပျင်၍ မင်းအာဏာကြောင့် မနီရသည် အလျှင်ချီကြွလားလီပါက မွီးမည်တော်ရွှီနို့သျှင် အလျှင်မွီးသည် သမီးဦးလှပန်းသွင်နှင့် သားဦးထွန်းအောင်ကျော်ကို ဖခင်အောက်မိကာ နောက်တော်လားပါလီရာ လားလျှင်းပါသော် ထိုမှာ ၀ံဘိုဝ၌ ဆိုက်ရောက်လီသောအခါ လီသင်းထုံးသည် မုန်တိုင်းဟန်ပမာသို့ ထလတ်ပါ၍ ရွှီနို့သျှင်သည် မိခင်ချွေးမများကို အောက်မိတကာကာနှင့် တဆတ်ဆတ်သည် မပြတ်လားလီပါ၍ ရမ်းပြည့်သို့ အများမကြာ ယင်းတွင်ဆိုက်ရောက်ပါက မာန်အောင်နှင့်သံတွဲမှာ ဟိသမျှလူကြီးလူငယ်သော်ကား ၀မ်းသာအားရ လာလတ်ပါသည် သင်္ကြန်ပွဲမကတည်း။ ရိုတုတ်ကွအသွယ်သွယ် အသျှင်ထံတော်ဝယ်၌ ခယထွေနီသောခါ တန်သည့်သူကို ယင်းတွင်ရွီးချယ်ပါလျှက် ကျွန်းချောင်းမှာအသီသီး သူကြီးအရာခန့်အပ်ပါသည်။ ယင်းမှာဆတ်ခတ်ပြီးလျှင် လွန်ချမ်းငြိမ်းသာယာစွာ လေးမြို့စုံကို ညီအောင်ပြုလုပ်ကျင်၍ အရှိအင်းဝပြည် မြန်မာသျှင်ဘုရင်ကို ငါပင်တိုက်ချီမည်ဟု နောက်တော်ဝယ်မြဲမကွာ အောင်ကျော်ရွှီနှင့် ဖွဲ့ဒါးလိုက်ရမည်ဆို၍ သုံးပင်တိုင်သည် လှီယာဉ်သင်္ဘောထက်၌ လက်နက်ပြောင်းဇ၀ါ၊ သေနပ်များနှင့် ခဲယမ်းဗုံးစက္ကြာကို စုံအောင်ယူ၍ မီငုံသတ်လည်း ယင်းခါပါလီပါ၏။ အေသျှိမ်သော်ရာသတ် သျှင်ဘုရင်မှာ မြတ်ရာစီခန့်လွှတ်၍ ဗေတင်တတ်ပုဏ္ဏားတော်နံဒရင်နှင့် အမှာတော်ရွီး၊ နားခံငအုတ်ကေ၊ သားမယားနှင့်မကြွင်း ယူလီသည်တည့်။ ချီတက်လီတုံသောအခါ မွီးမိခင်ကို မမြင်ခရပါ၍ မေ့ချစ်စသည် နွမ်းလျော့စိတ်ဗျာပါနှင့် မွီးမည်တော်အိုယိုမစွမ်း သားကိုတ၍ လွမ်းပူပင်လျှက် ရောဂါစီး၍ မချိဟိလတ်မည်ကို စိတ်တွက်လျှက်သာ လီပွီမုန်တိုင်းထသို့ မျက်ရည်ယိုစီးကျလျှက် တမ်းတအောက်မိတကာကာနှင့် လှီသင်္ဘောထက် အကျွန်ုပ်ရို့နောက်တွင်ပါလီပါ၏၊ ချီလားရာယင်းကပင် သီတာမြစ်ကို လွှင့်ငြားတက်လီပါသည် ရန်ငုမ်မြို့ရွာသို့လေး။
အပိုဒ် (၁၃)
ရန်ငုမ်မြို့ရွာ ထွက်လားပါသည်ယင်းခါတွင် ကမ်းမမြင်သီတာမှာ လိပ်ကျောက်ငါးမန်း ပြွန်းပြွန်းပေါ်ပြန်လာက ငါးဆင်၊ ငါးတောက်သူလည်း ရီတွင်ဖြိုထိုးကြ၏၊ လင်းသျှူကပေါ်ကာကာ ရီမီးကျောင်းလည်း ကိုက်မည်ချည်းသာရှာလျှက် ပြင်သာမှာတဌာန ပတ်ကာဝန်းကာ ရစ်၍လာပါသည်။ လိပ်ငါးမန်း၊ ဆောင်းရှား၊ ငါးဒရှည်မှာ ရီတွင်ခုန်လွှားပြန်လျှက် ကဇတ်ဟန်သူ့ဘာသာ ငါးသဘင်ကို ယင်းတွင်မြင်ရပါ၏၊ ဝေဘူမှာမျောလျှက်၊ တင်းကျိတ်ငယ်လည်း ရီတွင်ငုတ်ကာစားလျှက် ဇင်ယော်နားပင်းက မြစ်လယ်ကြောဝယ် သောသောပျံဝဲကာနှင့် ကြိုးကြာမှာတဌာန အခြီစင်းစင်း လိုင်ကြင်းကြင်းနှင့် ခုန်ဆင်းခုန်ဆင်း၏၊ ရီငှက်မဟင်္သာမှာ မောင်နှံနှစ်ပါး တူစုံလား၍ တောင်ဖျားယှက်ခြုံကာနှင့် အစာခွန့်လျှက် လိုင်ချင်းယှက်တင် မြူးပျော်ရွှင်သည် ရီတွင်သဘင်ငှက်များကို မေ့ချစ်သက်မြင်သောခါ သားဦမိခင် ငယ်ကျွမ်းဝင်ကို ယင်းတွင် တွက်မြင်လာသည်တည်း။ မြစ်သီတာလွှင့်ကာလား ဖီးဖိုးစိုင်လာ ရံခါမရောက်ငြားဘဲ တလိုင်းများတိုင်းပြည်ရွာ ရန်ငုမ်တွင် လျှင်စွာရောက်လီကျင်က သူ့ပြည်ရွာဌာန၀ယ် ရီလည်းမတူ စားမူရွံ့ရှာဖွယ်ကြောင့် အကျွန်ုပ်နောက်ဝယ်ပါသူများ စာကိုင်နားပေါက်ကယ်နှင့် ဖောင်ရှီခိုင်းစေသား၊ တိုက်စိုးတိုးအောင်ကြွယ်၊ အိုးဖောက်ကယ်၊ စံရှီဖော်နှင့်၊ ငကြွင်းယေ၊ ကုလားမုန်သီးသာ၊ ဖွဲဒါကြီး၏ယောက်ဖ အကုန်သူမှာ ကာလနာလိုက်၍ တနိတည်းမှာ ကျင်းကျင်းစုတေ့သီကုန်ပါ၏၊ အစံယေပျာဒါကား လမ်းလားရာမှာ ခန္ဓာစုတေ့ငြား၏။ ရန်ငုမ်ရောက်သောအခါ ဒလဖက်မှာ ဟိသည်တလိုင်းစုဝယ် ရွှင်ပျော်မြူးစားသောက်ကာ လင်နှင့်မယား သမီးသားသည် ပျော်ပါးနီခြင်းရာကို မျှော်ကြည့်မိတုံကာဝယ် ပန်းသွင်မိခင် ငယ်ကျွမ်းဝင်နှင့် နို့သျှင်ချွေးမငယ်ကို အောင့်မိပေတုံသောအခါ ကိုယ်တွင်အသက် ထိပ်သို့တက်၍ ဇောသွီးပြန်လတ်လျှက် ကာလနာယှဉ်း၍ပေ အသက်လိပ်ပြာ သူ့ခန္ဓာသည် ယင်းခါထွက်လုဖွယ်တည်း ဖြစ်လတ်ပေတုံသောအခါ အနိစ္စနှင့် ဘုရားသာမပါဟု တိုင်တန်းကာကိုးကွယ်မှ ဖီးခပ်သိမ်းသည် ပျောက်ငြိမ်းချင်းချင်းကုန်က မြို့ရန်ငုမ်ရပ်ကို ပါယ်ယှောင်ထားခပါ၍ ချီတက်လားလီပါသည် အင်းဝမြို့တော်သို့လေး။
အပိုဒ် (၁၄)
အင်းဝမြို့တော် တက်လားပါသည်ယင်းခါလျှင် လက်ဝဲတွင်ဒလ၊ သရက်တပင်ထိပ်ဝတွင်၌ လျှင်လျှင်ဆိုက်ရောက်ကျင်က ချီကြွတက်လားလီသောအခါ လက်ယာမှာ ရန်ကင်းစံရာတည်း။ ဓနုဖြူ၊ကို ပါယ်ယှောင်၍ချီလီမူကား လက်ဝဲတွင်ဟင်္သတ၊ ထို့နောက် လက်ယာဝယ် ညောင်ဇရဲဟန် နာမရန်နှင့် ရွှေတောင်မြို့သို့ရောက်လီ၍ လက်ဝဲဖက်မြစ်နားမှာ ပုတောင်းမြို့ကို လျှင်စောရောက်လီပါက မြန်မာများသည် ညည့်ခါသူခိုးလားသို့ ကုတ်ရှုတ်ကာ ပုန်း၍လာလျှက် လမ်းစပ်ကြားခရီးမှာ ခိုးလျှက်သတ်မည်လာတုံပါက ချောင်းမြောင်းတောင်ကြား သီပျောက်များ၍ ရွံ့ငြားမလွတ် ထွက်ပြီးလားကတ်လီသောအခါ လျှင်လျှင်ချီတက်လာလျှက် ပြည်မြို့သို့ရောက်လီပါက ယင်းမှာ ကိုးသောင်းဗိုလ်နှင့် တွိကြုံပါ၏၊ ကြက်တောင်ဗိုလ်ဟု နာမဟိုးဟိုးကျော်လျှက် ဇော်နေ (General) ကမ်ရိသတ်ဗိုလ်ချုပ်ကြီးနှင့် တိုင်ပင်ပြောကြားကြီးကြပ်လျှက် မျက်မှန်ဗိုလ်ဟုနာမည်ကျော်သော မေဇော်ဇောသျှိန်သတ်တပ်ဦးဗိုလ်လည်း ယင်းတွင်ရောက်လာပြန်က ပျော်မှုဆင်၍ စားသောက်ခါ ယင်းမှာနီကတ်ပါသည် ပြည်မြို့ရပ်ဝယ်တည့်လေး။
အပိုဒ် (၁၅)
ပြည်မြို့ရပ်မှာ နီလျှင်းပါသည်ယင်းခါတွင် မြန်မာအောက်သား မိမ္မဗိုလ်သည် ယင်းတွင်ရောက်လာငြား၍ ပြည်မြို့အနီးရသေ့မြို့တွင် တပ်စွဲလာလျှက် လက်ဝဲမှာန၀င်းတပ်၊ ၀က်ထီးကန်မှာ မှန်စွာတပ်ကြီးရပ်၏၊ ကမ်းစပ်မြစ်နားမှာ ဖိုးဦးတောင်သည် မြင့်ခေါင်အထွတ်ချာ၌ တပ်စွဲကာနီလျှက်ပေ မြေထဲမြို့မှာ တတပ်တည်လျှက်နီ၏၊ ကခုန်ကာတသောသော ဟစ်မောင်းကြော်၍ သံဝါခြိမ့်ခြဲအ်ာလျှက် အမှားမှားအောက်သားမှာ ကောင်းမည်ထင်လျှက် ယင်းတွင်နီကတ်ပါ၏။ ကိုးသောင်းဗိုလ်ချုပ်ကြီးတပ်ဦးဗိုလ်ကို ယင်းတွင်အာဏာပီးလျှက် မြို့အနီးမြန်မာတပ်ကို လက်ဝဲကြောင်းချီဆိုလျှက် လက်ယာကို ငါတက်မည် မြင်းစီးများမှာ တောကပုန်း၍နီလော့၊ ပြောလတ်ပြီးတုံသောအခါ ရဲမက်များနှင့် လျှင်စောချီတက်ပါ၍ တပိုကျော်နီထွက်ဝယ် မြန်မာတပ်ကို၊ နင်းလျှက်တိုက်လီကျင်က ဂူရာသည်စာဖာအိတ်၊ မြင်းစီးများနှင့် သတ်ကတ်လီသောအခါ မြန်မာများမှာ လယ်မှာစပါးရိတ်သို့ ဗိုလ်လုပ်သူ မိသျှင်သဲလည်း ယင်းတွင် နိစ္စခန္ဓာကုန်၏၊ နီဝင်မူလည်း မြန်မာတပ်များမှာ ပြီးငြားမလွတ်ပါတည်း။ ရဲမက်တော်ဂူရာများ ရှာဖွီတိုက်သတ်ငြားက ၀က်ထီးကန်တပ်ထဲနီ အောက်သားမိုက်များသည် ကျင်းကျင်းမြုတ်လျှက်သီ၏၊ မိုးဦးတောင်ထိပ်က ဗုံးစက္ကြာကို ဆင့်ကာလွှတ်လိုက်ပါက မြန်မာအများ ပြီးငြားမလွတ် တောင်ကြားချောက်မြောင် နှမ့်အောင်ဖြန့်လျှက်သတ်၏၊ မြေထဲရပ်တပ်များကို ဂူရာစစ်သည်များက ပြီးလွှားတိုက်သတ်ပါက မြန်မာတပ်များသည် ကြောက်ဝှန်ကြီးစွာ အလျှင်ထွက်ပျာပြီး၏၊ ရန်တစိမပေါ်လာ မြန်မာများကို လျှင်စောနိုင်နင်းပါသည် ဘုန်းတော်အကြောင်းနှင့်လေး။
အပိုဒ် (၁၆)
ဘုန်းတော်အကြောင်းကြောင့် နိုင်နင်းပါသည်ယင်းခါလျှင် ပြည်မြို့ရွှေဆံတော်စေတီကို ယင်းမှာပူဇော်ပြီးမှ အသီးသီးချီလတ်ရာ မီးသင်္ဘောသည် ရီကြောင်းဆန်တက်ပါ၏၊ ကုန်းကြောင်းမှာတစလား နှဲပြီခရာ ဗောမှုတ်ပါသည် ပတ်သာအငြိမ့်များနှင့် ဆင်မြင်းရထား အနန္တသည် ရွီတွက်မရပါတည်း။ သူရဲတော်သိန်းသန်းကုဋီ လေးပါးစစ်အင်အားဖြင့် ချီတက်လားလီတုံသောအခါ ကာမမြို့ကို လက်ဝဲထားခပါလျှက် လက်ယာမှာ ဆင်ပေါင်ဝဲ၊ သရက်မြို့ကိုလွန်၍ တသဲသဲချီတက်ခါ ပဌနဂိုမြို့သို့ရောက်လီပါက ဆိုင်းရပ်တပ်ကြီးချလျှက် များဗိုလ်ပါသည် ယင်းမှာစုရုံးပါ၏၊ အနောက်ဖက်မြစ်နား မလွန်မြို့မြန်မာတပ်ဝယ် ပခင်းမင်း၏ညီအထွီးဆုံးကျီဝန်မင်းကို အကြီးပြုလျှက် ကောလင်းမင်းက တပ်မှုးအရာ ယင်းတွင်ပြုလုပ်သည်တည့်။ အာသံကိုတိုက်ချီသူ သီလ၀သည် စစ်ကဲပြုတုံလျှက် နားခံတပ်ထောက်ကား ဇေတဗိုလ်ပြုလုပ်ပါ၏၊ စကားပြန်ဒါဝိုက်ကေကို အမှန်တည့်တည့်ထားလျှက် အကျွန်ုပ်ရို့ သူရဲတပ်သုံးတပ်မှာ ငါးသောင်းလောက်ဟိပါ၏၊ နီလတ်ခါတုံပေ မလွန်တပ်ကို နင်း၍တိုက်ယူမည်ဟု ကြံလတ်သည်အခါတွင် မြန်မာမင်းက တမန်စီလွှတ်ကျင်၏၊ တပ်ကိုလျှင်ဆိုင်းရပ်ပါ၊ အမီးပုစ္ဆာပြသနာကို ပြီးအောင်ဖြေကြားပါအံ့။ ပြောလတ်တုံပြီးခါ မြစ်လယ်ကြောတွင် လှီဖောင်ဖွဲ့လုပ်နီ၏၊ မြန်မာကျီဝန်ကြီး၊ ကောလင်းမင်းသား လျှင်စောရောက်လာငြားက ဗိုလ်ချုပ်ကြီးကြက်တောင်ဖန်၊ ရာပသိန်သတ်မင်းမြတ်လားမည်ကြံက မျက်မှန်တပ်ဦးဗိုလ် ဇောသျှိန်းသတ်သည်လည်း နောက်ထပ်လိုက်မည်ဆို၍၊ သုံးပါးဗိုလ်ပေါင်းပြီးခါ မြစ်လယ်ဖောင်မှာ လျှင်အောင်ချီလားလီပါလျှက် နှစ်ဖက်မင်းစပ်ကြားမှာ ဒါဝိုက်ကေသည် ထိုဝယ်ပြန်၍ပြော၏၊ မြန်မာများကူး၍ပေ နတ်မော်ရပ်က ဖမ်းယူထားသည့် ရဲမက်ငယ်စဖာအိတ် အမိရိကာ ထိုမှာအင်္ဂလိပ်ကို ယူဆောင်ပြီးပီးပါမည်၊ ဆယ့်ငါးရက်နှင့် လိုသည်စရစ်ကို ပြေလည်အောင်ပီးဆပ်က ရန်ကုန်မြို့သို့လျှင် လျှင်စောဆုတ်လီပါလော့၊ ကျုပ်တို့မြန်မာများ နောင်တခါ ခိုက်ရန်မပြုလုပ်တော့ပါဟု ပြောဆိုရာနှစ်ဖက်သား လက်ဝါးရိုက်ကာ စာချုပ်ချုပ်လျှက် မှန်စွာကတိထား၍ ပုဏ္ဏားဆရာတော်နံဒရင်မှာ အမှာတော်ရွီးသာကာ နားခံငအုပ်ကေ အကုန်သူကို ယင်းတွင်လွှတ်ပေလျှက် ဗိုလ်ခြီရဲမက်အများ ဆယ့်ငါးရက်ကို ဆိုင်းငံစောင့်နီပါသည် ဥစ္စာကတိနှင့်လေး။
အပိုဒ် (၁၇)
ကတိသစ္စာ စောင့်နီပါသည်ယင်းခါတွင်၊ (ပီဆက်) မြန်မာသီလ၀ ကူး၍လာကာ ပြောဆိုလာသည် မြင်းပြိုင်စွဟု အရှိကမြင်းကို စိုင်း၍ပြီးသော် ငှက်သွင်လျှင်လှပါ၏။ အနောက်မှာ မြန်မာမြင်းများ ပြီးမလျှင်သည် နောက်ဖင်ကားရားနီ၏။ ထိုအခါ မျက်မှန်ဗိုလ်သည် မာန်ကြီးထလျှက် ခုလျှင်စောမြင်းယူခီ ပြိုင်၍ယှုံးသော် မြင်းကိုယူမည်ဟု လက်ဝါးရိုက်ပြီးမှ ငါးစီးမြင်းကို မြန်မာများမှာယူကြလျှက် မြန်မာဖက်က မြင်းစီးကသည်းမျိုးကို အစီးအပ်လျှင်းပါ၏။ ယင်းသောခါ မျက်မှန်ဗိုလ်အိမ်ရာဇီသည် ကတ်တင် (Captain) ဖလောင်းပျိုခေါ်၍ မြင်းအပ်ကာ၊ နှစ်ပါးစုံသည် အတူရပ်ပါ သိန်းသန်းဗိုလ်ပါလူသူများ ရှုကြည့်ရာသည် သဘင်ပွဲအလားတည်း။ မြင်းနှစ်ပါးစိုင်းသောအခါ အိမ်ရာဇီသည် အသျှင်မြင်းတုံသော်ကား ထက်အာကာငှက်ပျံဟန်၊ မြန်မာမြင်းကာ နွားလား၏သဏ္ဍန်သို့ ပြောင်းကာပြန်နောက်ကသာ သုံးခါစိုင်းသော်လည်း တချက်မမှီပါတည်း။ တစီးယှုံးတုံက နောက်ထပ်တစီးပြိုင်၏။ စိုင်းပြန်လီသောခါ၊ သုံးခေါက်လုံးကို တချက်မနိုင်ပါတည်း။ သောင်းသောင်းကြော်လက်ခုပ်ခတ် ယှုံးသည့်မြင်းကို သိမ်း၍ယူတုံလတ်က မြန်မာသီလ၀သည် အရူးပမာ ရှက်၍ပြန်လားပါလျှက် စာချုပ်ရာကတိရက် စိသောအခါ ငွေတော်မပီးဆက်၍ ကြန့်ကြာလျှက်ကျူးလွန်ခါ ရာပသိန်သတ်က မြန်မာများ ကတိမမှန် လင်းပြန်လူပျက်သားကို တပ်ဦးက မျက်မှန်ဗိုလ် (-----)၊ အောင်ကျော်ရွှီလည်း ယင်းမှာလားခီဆိုလျှက် ကိုးသောင်းဗိုလ်ကြက်တောင်ဖံ၊ ရဲမက်များနှင့် အသင့်စောင့်နီပြန်ဟု အာဏာချလတ်တုံသောအခါ မျက်မှန်ဗိုလ်နှင့် အကျွန်ုပ်ရို့အားလုံးသော်ကား လားလာရာတုံကပေ မလွန်တပ်မှာ လျှင်စောရောက်လီသည်တည်း။ မြန်မာကျီဝန်ကြီး ကောလင်းမင်းကို အယင်စကားမီး၏။ ထက်ကတိစာချုပ်မှာ ပါသရိကို အခုပီးအပ်ပါလော့။ မပီးသော်နက်ဖန်ခါ၊ နီတပိုတွင် အမှန်တိုက်လာမည်တည်း။ ပြောဆိုပေတုံသောအခါ ကျီဝန်မင်းသည် ချက်ချင်းတုန်လှုပ်ပါ၍ ကြောက်ဝှန်ကာမခံချိ၊ ငါးရက်ဆီကို ငံ့တော်ပြုပါဖိလော့။ ထက်ကတိဟိတိုင်းကို၊ ပြည့်စုံအောင်သည် ကျွန်တို့ပီးမည်ဆိုက မနာလိုငြင်း၍သာ မျက်မှန်ဗိုလ်နှင့် အကျွန်ုရို့ပြန်လာလျှက် လျှောက်လတ်လီသောအခါ နက်ဖန်ရက်မှာ လျှင်စောတိုက်မည်ဟု လက်နက်ဗုံးစက္ကြာ၊ မီးကျည်တန်းနှင့် ရဲမက်ဗိုလ်ပါများကို အသင့်စီမံ၍ ထားလျှင်းပါသည်၊ တိုက်မည်အမှန်တည့်လေး။
အပိုဒ် (၁၈)
တိုက်မည်မှန်စွာ မိုးသောက်ပါ၍ ယင်းခါတွင် တပိုလျှင်နီတက်ခါ ဗုံးလက်နက်ကို တချက်လွှတ်လိုက်ပါက ထက်အာကာဝတိန်၌ ၀ရဇိန်အဟိန် မိုးကြိုးထစ်သို့ ကျတုံလစ်ယင်းတပ်မှာ လယ်စပါးကို ကြဲ၍ပစ်ခြင်းရာသို့ (ပီဆက်)
ဆင်မြင်းလူသူအများမှာ တချက်မှန်သော် ဧကန်မရဏတည်း။ မီးကျည်လက်နက်တော်အား တချက်ပစ်သော် ထွတ်ဖျားထက်အာကာသို့ ပျံဝဲကာတက်လီငြား သက်လတ်ပါသော် တပ်မှာမြီခေါင်းများ၌ ရှာတုံငြားမွှီ၍သာ သတ်လတ်ငြားသည် လူ၏ဟန်ပမာသို့ ဂူရာရဲမက်ကား ဇေရာဝတီမြစ်ဖျားကို ကူးလားငြားလိုက်၍ပေ မြန်မာတပ်ကို ၀င်လျှက်ခွတ်သတ်လီ၏၊ ညီတော်မင်းမြဖုံး ကျီဝန်ကြီးသည် ထိုခါတောမှာပုန်း၍ တပ်ပြတ်လုံးအောက်သားမှာ ကိုးကွယ်မရ လွန်ကြောက်လှ၍ လျှင်စောပြီးလီပါက တိုက်ကတ်ရာတခဏ သုံးတပ်စုံကို လွယ်ကူချက်ချင်းရ၏။ ချီတက်လားလီခါ မကွေးမြို့တွင် လျှင်ပြင်းရောက်လီသော်ကား နောက်တော်ပါဖွဲ့ဒါကြီး၊ အသောင်းဒူလာ၊ ထိုမှာရောဂါစီး၍ မကွေးမြို့တွင် မရဏသည် နိစ္စရောက်လီကျင်၏။ လားလီလျှင် ၀က်မစွတ်၊ ရေနံချောင်းကို လွန်၍ချီတက်လာလတ်ပြီးမှ လက်ယာမှာ စလေမြို့၊ လက်ဝဲဖက်တွင် ဆင်ဖြူကျွန်းနှင့် ကျားပင်းဆိပ်က တသောင်းလောက်မြန်မာများသည် စလင်းမြို့တွင် တပ်နှင့်စောင့်နီကျင်လျှက် ဗိုလ်ချုပ်မူကား မိဖုရား၏မောင်ရင်းတော်သည်ဟူ၏။ ဇာတိထောင်မှုးသားယောက်ဖတော် သခင်ကြီးဘုရားခေါ်တွင်သော မောင်အိုအောက်သားမိုက်သည် မိမ္မဟန်ပမာသို့ သတင်းကြားကာမျှ စစ်မရောက်ခင် အလျှင်ထွက်ပြီးနှင့်၏။ နှမနှင့်ယောက်ဖ နှစ်ယောက်စုံသည် ထံရင်းတော်ပါး ရောက်လီငြားသော် ကြောင်းလျားလျှောက်ခြင်းရာကား အယှိုတ်တက်ကာငို၍ပေ ပြူးတူးကြက်တက် အောင့်လျှက်ထိုသည်နှယ်သို့ ရှုံ့တွမျက်နှာ ပြောလတ်ပါသည် လျှင်စွာပြီးလီတော့လား၊ တိုက်သတ်ကြဆိုသောခါ ပြီးမလွတ်ဘဲ မချွတ်သီမည်သာဟု တိုးတိုးချပ်ချပ်ပြောဆိုလျှက် ချီးယိုပါသည် အောက်ပေါ်ဒေါလျားများ၏။ လူးလဲငြားဝမ်းခဲကွန် ခုချက်ချင်းသည် ကာလနာလိုက်သည့်ဟန်သို့ ဥပါယ်ပြု၍ ကြောက်ဝှန်ကြီးစွာ ယင်းမှာနီလျှင်းပါသည် နှမထံမှာတည့်လေး။
အပိုဒ် (၁၉)
(ရန်တပိုစာချုပ်အကြောင်း)
နှမထံမှာ နီလီပါသည်ယင်းခါလျှင် ချီတက်လားလီပါသော် လက်ယာဖက်မှာ အနန္ဒာဘုရား၊ လက်ဝဲနားကမ်းစမှာ တင်းကျီတောင်ဘုရားတည်း။ လက်ယာမှာ ပုဂံမြို့သို့ ဆိုက်ရောက်လီသောအခါ ယင်းမှာမြန်မာများက ဘုန်းတော်ကိုအာခံ၍ တပ်စွဲလျှက်နီပြန်၏။ ဂူရာပျံရဲမက်တော် မြင်းစီးစစ်သားများသည် လိုက်၍တိုက်လီပါက တသောင်းကျော်လူမက သီပျက်ပါသည် မြန်မာဖက်ကတည်း။ မြန်မာများ ထွက်ပြီးလီသောအခါ
ညောင်ဦးမြို့တွင် လျှင်စောရောက်လီပါက လက်ဝဲမြစ်ဆိပ်ကမ်း ပုခန်းကြီးမြို့ကို ကျော်လွန်၍ချီလားပါက (ပီဆက်)
ချင်းတွင်းမြစ်တွိခါ လက်ယာဖက်မှာ တရုတ်မြို့ဟိပါ၏။ ချီတက်သော်တုံကပေ ရန်တပိုမှာ လျှင်စွာဆိုက်ရောက်လီက ယင်းတွင်တပ်မချလျှက် မျက်မှန်ဗိုလ်မှာ လျှင်စွာချီတက်လာလျှက် နီလတ်ပေတုံသောအခါ မြန်မာမင်း၏ကျွန်ရင်းအမတ် လယ်ကိုင်းသားမြို့စား မင်းကြီးမဟာမင်းလှကျော်ထင်ဘွဲ့နာမည်တည်း။ အတွင်းဝန်ကြီး အခွန်ဝန်မှာ နာမည်ဘွဲ့တုံသော်လည်း မင်းမဟာမင်းလှသီဟသူဟု ယင်းမှာခေါ်ကတ်သည်တည်း။ နန်းတော်ဝယ် မောင်ရွှင်သံတော်ဆင့်လည်း ယင်းခါပါလျှင်းပါ၏။ ဆရာတော်ပါဒလီဇိန်သတ်ကို ရှိနီပြုလုပ်ပြီးလျှက် ခေါ်ယူလာ၍ မလွန်တပ်ဝယ် အထက်စာချုပ်ပါကို ခုယူပါပြော၍ ရွှီငွေင်္ဒဂါး၊ အများလက်ဆောင်နှင့် ဖမ်းလီသည်ဆာဖာအိပ် အမိရိကာ မှန်စွာအင်္ဂလိပ်ကို အပ်ဆက်ပြီးပီးမှသာ နှစ်ဖက်သားသည် လက်ဝါးရိုက်ပြီးခါမှ စာချုပ်လတ်ပါသည်။ အက္ကဗတ်ထွီ ဝေသာလီနှင့် အာသံမြို့လျှင်ပေတည်း။ မဏိပူရမှာ ရှိမင်းဟောင်းဂဘိရသျှိန်လည်း ပြန်၍မင်းပြုက မြန်မာမင်းမှာ ခိုက်ရန်မရှာရတည်း။ ထားဝယ်၊ ရဲမြို့၊ တနင်္သာရီ၊ ခေါ်သည်ဗိတ်မြို့နှင့် သံရှင်မြစ်ကို နယ်ခြား၍ ပိုင်လျှက်ယူတုံအံ့။ ရခိုင်ဓည၀တီ ဒွါရာဝတီသံတွဲစသား ရမ်းပြည့်နှင့်မာန်အောင် ဆယ့်နှစ်မြို့ကို ပိုင်ခြားသိမ်းယူအံ့။ ကျန်ကြွင်းရာမြို့များကို မြန်မာမင်းအား ငါရို့ပီးခမည်တည်း။ စရစ်ငွေအတွက်မှာ တကုဋီကို အမှန်ပီးပါအံ့လော့။ လေးပုံတပုံကား ရန်တပိုဝယ် ခုပင်ပီးအပ်လော့၊ တပုံကားရန်ငုမ်မှာ အခုနိက ရက်ပေါင်းရွီသော် တရာရက်တွင် ပီးတုံကျင်သောခါဝယ် တနှစ်တွင်းမှာ တပုံသွင်းရမည်တည်း။ တပုံငွေနောက်ပီးက ရန်ပုစ္ဆာကို နောင်မရှာရဟု နှစ်ဖက်မင်းများ ကတိထား၍ ယင်းမှာပြောကတ်ပါသည် တပ်မဟိရာတည့်လေး။
အပိုဒ် (၂၀)
တပ်မဟိရာ ပြောကတ်ပါသည်ယင်းခါတွင် ပိုင်စားနယ်ကို ခွဲဝီကျင်လီသောခါ ရခိုင်တိုင်းပြည် သံတွဲနယ်ကို တောင်ခွင်မော်ရုံထိ ရခိုင်မင်းတည်လုပ်သည့် မဟာစေတီကြီးကို မသိမကြားကွန် လယ်ကိုင်စားနှင့် ကျီဝန်ပြောကတ်ပြန်၏။ ပုသိမ်ဝန်စီရင်စု သံတွဲနယ်သည် အကယ်ပင်မဟုတ်တည်း။ မပီးအပ်ပါ ငြင်းခုံလတ်သော် အကျွန်ုပ်ပြောလျှင်းပါ၏။ လေးဆယ်ခြောက်ခုက ရခိုင်ပြည်ကို မြန်မာပိုင်လာလည်း ပုသိမ်ကမရပါ စေတီကြီးလည်း ရခိုင်မင်းရာဇာက တည်လုပ်ပါသည်၊ နယ်နမိတ်ဖြစ်ခြင်းဟန်ကို အကျွန်ုပ်ပြောလတ်ပါ၏။ စေတီထိနယ်ကိုပေ ရခိုင်ပြည်က အပိုင်ရလျှင်းစီတည်း။ အရှိပြည်အင်းဝမှာ စဖာအိပ်သည် သူရဲငါးကျိတ်ကျော်နှင့် ကတ်တင်အိမ်ရာဇီဗိုလ်တယောက်လည်း စောင့်၍နီအံ့။ ကုမ္ပဏီမြို့တော်မှာ ထားလိုက်ငြားသော် မြန်မာငါးကျိတ်ကျော်ကို မပြတ်သာစောင့်နီစီ၊ စစ်ရန်များကို မပြုလုပ်စီဟု သက္ကရာဇ်သည်တထောင်ဖြစ် တရာ့သျှစ်ဆယ်ခုနှစ် (၁၁၈၇) ခု၊ တပေါင်းလပြည့်ကျော် (၄) ရက်နိ တပိုအချိန်မှာ နှစ်ဖက်မင်းများစာချုပ်ထား၍၊ လက်မှတ်ချကတ်သည်တည်း။ သူ့ဘာသာ သူ့စရိုက် ပြောင်းဇ၀ါကို ထိုခါသံဆင့်ပစ်လျှက် လက်နက်ဗုံးစက္ကြာ မီးကျည့်တန်းကို အာကာမြှောက်လိုက်ပါ၍ ကျူးရစ်ကာပစ်တုံငြား ထိန့်ထိန့်ဆူသည် ဇမ္ဗူကျွန်းလုံးကြားမျှ ပျော်ရွှင်အောင်ပွဲခံလီသည်တည်း။ ဗင်တုတ်ရုတ်မှာ ကတ်တင်ဗိုလ် လောဗောသျှိန်တိန်အိမ်ရာဇီကို ယင်းခါစီလွှတ်ကလည်း ကတ်တင်နှင့် အကျွန်ုပ် နှစ်ယောက် အင်းဝမြို့မှာ လျှင်စောရောက်လီပါ၏။ နန်းတော်ဆီရောက်လီက မြန်မာမင်းနီရာတိုင်းကြီးမ၌ တံဆိပ်နှင့်ခတ်နှိပ်ပြီးခါ အပိုင်ခံ၍ လျှင်စွာပြန်လျှက်လာသည် တပ်မဟိရာသို့လေး။
အပိုဒ် (၂၁)
တပ်မဟိရာ ပြန်လျှက်လာ၍ရောက်ခါလျှင် ရာပသိမ်သတ်က စစ်သည်ဗိုလ်ပါရဲမက်များအား ခုလျှင်စွာ ပြန်ဆုတ်လားလော့ဆိုသဖြင့် ဗိုလ်လုံးသားသည် ပြန်လျှက်ဆုတ်လီပါ၍ ပုဂံသို့ရောက်က ရွှေစည်းခုံစေတီကို ပူဇော်လီသောခါ အောက်သားမများသည် ၀ိုင်းအုံကြည့်ရှုလာပါ၏။ မြင်ခီသော်ရွံဖွယ်အတိ အခြီစင်းစင်း လက်ကျင်းကျင်းသည် ၀တ်ခြင်းပင်ရင်မစိတည်း။ မွီးသည်မိအသရေ ပြင်ကိုထုတ်လျှက် မရှက်ပြနီ၏။ လက်ယာခြီဒူးဆစ်မှာ ခြည်မျှင်မဲကိုပတ်၍ချိုင်ထားပါလျှက် သားမြတ်မှာချက်အထိ အသားမဲမဲ သွားကြဲကြဲသည် ခေါင်းလည်းခပိပိနှင့် မျက်စိလည်းပြူးတူးသာ ဆံကိုဖြတ်၍ မျက်နှာဖုံးထားပါလျှက် ရူးခြင်းရာဟန်မပြား တချက်မြင်သော် ကြောက်ချင်ဖွယ်များ၏၊ မောင့်သက်ထားမျိုးအိမ်သူ နို့သျှင်ချွေးမ သက်လုံးမျှကို နှိုင်းယှဉ်သော်ဖက်မမျှ မြော်မြင်သောသူ စိတ်ဝမ်းပူသည် နတ်ဘုံသူမကတည်း။ ယင်းဌာနသူ့ရပ်မှာ တပေါင်းမင်းလွင် ရွက်ကျင်တောင်လီလာက ဥသြဖိုးခေါင်ကျူး၍ နွီပေါက်သံဝါ ငှက်တကာသည် မြူးပျော်ကျူးမြည်လာက သားဦးမိခင် ငယ်ကျွမ်းဝင်ကို အကျွန်ုပ်လျှင် အောက်မိလှ၍ တမ်းတရုမကြံသာ ဟာလာအသက် ပြင်ထွက်ဟန်ပမာသို့ မေတော်ချွေးမကြောင့်စိတ်ပူဆာ၍ လွမ်းဆွတ်၍သာ တဆတ်ဆတ်သည် ပြန်လျှက်ချီကြွလာလျှက် ပြည်မြို့သို့ဆိုက်ရောက်က များဗိုလ်ပါသည် ယင်းမှာတပ်ကြီးချလျှက် ဆိုင်းငံ့ပြီးနီသောအခါ ဈီးတန်းပြင်မှာ အကျွန်ုပ်လျှင်မြင်ခီသည်ကား သားသူငယ်သည် အမိထံမှာ မပီတွတွ ပီတွတွ အဘကိုခေါ်လျှက် လူးလဲငို၍ ငါ့ဘခင်ကို ခုပင်ပီးရမည်ဟု တွလျှက်တောင်းလတ်ပေသောအခါ မွီးဘခင်သည် လျှင်လျှင်ပြီး၍လာလျှက် သားကိုရွက်၍ ဖက်ကာနမ်းကာ မွီးမိခင်ကိုလည်း ယင်းတွင်တစဖက်ထားပါ၏။ ရယ်နှုတ်ဆက်အလှယ်လှယ် လင်မယားသား နှစ်ပါးပျော်သည်ကို မျှော်ကြည့်ခီပေတုံသောအခါ အကျွန်ုပ်၏အူသဲခြီကို နှုတ်ယူသည့်ပမာသို့ မျက်ရည်ကျ၊မိပါ၏။ သားမောင်ငယ်ကြောင့် ဘခင်လွမ်းရုတ၍ လွန်ပျောင်းပျမကြံသာ ကြာပဒုံကို နီပူလှမ်းပမာသို့ မွီးမယ်တော်မင်းချွေးမ ချီ၍လာခါ ဂမ္ဘသာလျှင် ၀မ်းမှာသန္ဓေစွဲရင်းကျန်ခပါသည်၊ ဖွားမြင်ကြောင်းကို အကျွန်ုပ်လျှင်မမြင်ပေ၍ သားမောင်ငယ်ကြီးခြင်းရာကိုတွက်၍ အကျွန်ုပ်သဲအူဆာလျှက် စိတ်မှာ စားသောက်မ၀င် ပူပင်လွမ်းဝှမ်သဲ၍ ခွီပျောင်းချိတလျှက်သာ ရန်ငုမ်မြို့ရွာ ကြွချီလားလီပါသည် မကြာရောက်လာ၏လေး။
အပိုဒ် (၂၂)
ရန်ငုမ်မြို့ရွာ ရောက်လတ်ပါသည်ယင်းခါလျှင် ဆိုင်းငံလျှက်နီသောခါ ရာပသိမ်သတ်ပြောလတ်သည်မှာ ကုလိကုတ္တာ ကိုယ့်ပြည်ရွာသို့ ငါချီလားနှင့်မည်။ ရန်ငုမ်မှာ ကျန်နီလိုက်ခ၊ ဇောသျှိန်သတ်မျက်မှန်ဗိုလ်သည် လျှင်စွာလိုက်ပို့ပါအံ့။ ရခိုင်ပြည်ပြန်ရောက်ခါ ကျွန်းချောင်းများစွာ ငါကပီးအပ်ရာကို သားစိုင်မြီးဆက် မျှင်မပြတ်သည် မပျက်စားရစီအံ့။ ရာထူးကြီးမားစွာကိုလည်း ယင်းမှာရတုံပါအံ့ပြောလျှက်ပေ ကိုးသောင်းဗိုလ်နှင့် အကုန်ချီလီသည်တည်း။ ရန်ငုမ်မြို့တွင် အကျွန်ုပ်ရို့ကျန်ခပါက တန်းခူးဆန်း၍ တာသင်္ကြန်ကျပြန်ကလည်း ယင်းဌာနသူရို့မှာ ပေါက်ပေါက်ပန်းမှန် တင်းခွန်ဆီမီးဝါနှင့် ဆင်ယင်ကာအသွယ်သွယ် လင်နှင့်မယား သမီးသားသည် ပျော်ပါးလားကတ်ပေ၍ ရောက်လီပြီးတုံသောအခါ ရွှေတိဂုံသည် သျှင်ပင်စေတီတော်၌ ပန်းမှန်ပေါက်ပေါက် ဆီမီးဝါကို လျှင်စွာညှိတင်ငြားက လင်မယားမောင်နှံ တူစုံထိုင်လျှက် သျှင်ပင်ရှိတော်ဝယ်၌ အတူသည်ဖြစ်ရအောင် မယားဝတ်သည့် ကိုယ်တွင်တံဘက်စောင်ကို လင်ယူဆောင်ကိုင်ထားကာ လင်ဝတ်ပါသည့် ကိုယ်မှာအင်းင်္ကျီပါးကို မယားကဆွဲကိုင်လျှက် အသားချင်းဟပ်၍ဆုတောင်းပါ၏။ ဖြစ်လီရာဘ၀ကို ခုအဟန်သာ တူစုံဖြစ်ရပါလို၏၊ တောင်းဆုဆိုလျှက် သားမောင်ကိုနံပါးထား၍ ဘုရားဖူးကတ်ပါသည်။ တခြား လှီလောင်းပြိုင်ပွဲများမှာလည်း မြစ်လုံးပြည့်မျှ လက်ပွဲသတ်ရာ ပတ်ဆိုင်းတီး၍ ထလျှက်ကကတ်ပါ၏။ ရှုကြည့်ရာလင်မယား လာလတ်ပါသည် ယင်းမှာတသောသောတည်း၊ ထိုင်တုံသောအခါလည်း လင်နံပါးမှာ မယားဝန်းရံနီလျှက် တယောက်သည်မယားမှာ ရီဖလားကို ကမ်းလျှက်ပီးပါ၏။ တယောက်သော မယားကား ကွမ်းနုယာကို ယူကာကိုင်၍ထားလျှက် တယောက်ကား ဆီးလိပ်မီးညှိပီးသော် ယူလျှက်သောက်ကာကာတည်း။ တယောက်မှာယပ်နှင့် ပူသည်မြင်သော် ခတ်ကာနီ၏။ ချွေးများယိုစီးကျသော် မယားကြီးမှာ ကိုယ်ဝတ်ပိုးခါသာနှင့် တို့ကာတို့ကာ တံဘက်စွန်ကို ရင်တွင်အသာအုပ်၍ သားမောင်ပုမိထံမှာ အဘပေါင်တွင်လာလျှက် လဲကာလျောင်းကာ ကဇာတ်ပါသည် တခါထ၍ မိထံပါး လားလီပြီးသော် လက်ညှိုးငယ်ပြကာကာ ထိုမှာကိုမီး မှာကိုမီးသည် ရင်သွီးဘမျက်ဖျော်တည်း။ ပွဲသဘင်ဝယ် ပြုံးရယ်ပျော်ရွှင်လျှက်ဟိသော တူစုံရှုခင်းများကို မျှော်ကြည့်ငြားတုံလီသောအခါ အကျွန်ုပ်သည် ပူလောင်မခံသာ၍ သလွန်တော်မွိရာထဲဝယ် မျက်ရည်တရွှဲရွှဲနှင့် အသဲကွဲလုဖွယ်တည်း။ အကြံမတတ် ဆီးသတ်ငါးအနှယ်သို့ဟိလတ်ပေ၍ ကိုယ့်ဌာနသို့ လျှင်စောပြန်ရောက်ဖို့ သိကြားမင်းအား လျှင်ပြင်းမပါဆိုလျှက် နတ်များကိုတိုင်ကြားပါသည် ရန်ငုမ်မြို့မှာတည့်လေ။
ဒေးဝန်းအောင်ကျော်ရွှီ၏ကိုယ်တွိရခိုင်ပြည်သိမ်းတိုက်ပွဲမှတ်တမ်း ဤတွင်ပြီး၏။
ခရစ်သက္ကရာဇ် ၂၀၁၄ ခု ဒီဇင်ဘာလ (၂၄) ရက် ဗုဒ္ဓူးနိတွင် စုစုပေါင်း စာပိုဒ် (၂၂) ပိုဒ် စကားပြင်ပြန်ဆိုပြီးဆုံးပါသည်။

စာကားပြင်ပြန်ဆိုသူ

(ရခိုင်ပေါင်းကူး သာလှဦး)

ဤကောင်းမှုကြောင့် ရခိုင်စာပီလောကအတွင်းကျရောက်လျှက်ဟိသော ရိနာရောဂါ အလျှင်အမြန်ပျောက်ကင်းနိုင်ပါစီကုန်သတည်း။


Email Address:

Zawgyi-One Keyboard Press (Ctrl + Shift) To Type. Font Download (Click Run. Password = zawgyimandalay)

Please type "arakan"



|Save Document| |Print Document|